သစ်ချောက်ကျောက်မီးသွေးမိုင်းတွင်း အောက်စီဂျင်ပြတ်၍ တရုတ်နိုင်ငံသား သေဆုံး

ကလေးဝမြို့နယ်၊ သစ်ချောက်ကျောက်မီးသွေးမိုင်းအတွင်း အောက်စီဂျင် ပြတ်တောက်မှုကြောင့် မတ်လ ၁ ရက်နေ့က Yu Chin Gyou ဆိုတဲ့ တရုတ်နိုင်ငံသားတဦး သေဆုံးခဲ့တယ်လို့ ကလေးဝမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင်က ပြောပါတယ်။
သစ်ချောက် ကျောက်မီးသွေးတွင်းဟာ ကလေးဝမြို့နဲ့ ၁၁ မိုင်ကျော်အကွာမှာရှိပြီး သေဆုံးမှု ဖြစ်ပွားခဲ့တာကတော့ ထွန်းသွင်ကုမ္ပဏီကလို့ သိရပါတယ်။
တရုတ်နိုင်ငံသားသေဆုံးခဲ့တဲ့ မိုင်းတွင်းဟာ ရပ်နားထားတာ ၁ လကျော်ကြာနေပြီး မတ်လ ၁ ရက်နေ့က လုပ်ငန်းစတင်ရာကနေ မိုင်းတွင်းအတွင်း မူးဝေဒဏ်ခံစားကာ သေဆုံးခဲ့ပြီး သူနဲ့အတူ မိုင်းတွင်းဝင်ရောက်သူ မြန်မာလုပ်သား ၆ ဦးကတော့ ကလေးဝပြည်သူ့ဆေးရုံတင်ခဲ့ပြီး စိုးရိမ်စရာ အခြေအနေ မရှိတော့ဘူးလို့ သိရပါတယ်။
လက်ရှိမှာတော့ သေဆုံးသွားတဲ့ တရုတ်နိုင်ငံသားအလောင်းအား ရင်ခွဲရုံကို ပို့ဆောင်စစ်ဆေးနေပြီး တရုတ်နိုင်ငံ ပြန်လည်သယ်ဆောင်မယ်လို့လည်း သိရပါတယ်။
မင်းရဲစစ်နိုင်











