DVB Logo
Home
Lead Story
တာဝန်နဲ့ ရာထူး၊ အဂတိနဲ့ နင်းပြားပြည်သူ
DVB
·
March 2, 2018
တာဝန်နဲ့ ရာထူး၊ အဂတိနဲ့ နင်းပြားပြည်သူ
Donate to DVB

တိုင်းပြည်တပြည်ရဲ့ ဖွံ့ဖြိုးမှု၊ တရားဥပဒေစိုးမိုးရေး ဆိုတာတွေကို လေ့လာကြည့်ရင် အကျင့်ပျက် ခြစားမှုတွေ ဘယ်လောက်၊ အုပ်စုဖွဲ့ပြီး နိုင်စားမှုတွေ ဘယ်လောက်၊ အလုပ်အကိုင် ရှားပါးမှု ဘယ်ရွေ့ဘယ်မျှ စတဲ့ အချက်အလက်တွေကို အဓိကထားပြီး တိုင်းတာလေ့ ရှိကြပါတယ်။

မြန်မာနိုင်ငံလို ပြည်တွင်းစစ် တာရှည်ဖြစ်နေတဲ့ နိုင်ငံတနိုင်ငံကတော့ စစ်အသုံးစရိတ်နဲ့ ဖွံ့ဖြိုးရေးအတွက် လိုငွေဟာလည်း နှစ်စဉ်နှစ်တိုင်းလို ရှိနေမှာပါ။ သို့သော်လည်း ဒီလိုမျိုး လက်လှမ်းမမီတဲ့ကိစ္စတွေ ရှိနေပေမယ့် တိုင်းပြည်အပေါ်မှာ စေတနာမှန်မှန်နှင့် ကျရာတာဝန်က ပညာရှင်ပီပီသသ ထမ်းဆောင်မည့်သူတွေကိုလည်း လိုအပ်ပါတယ်။ တရားဥပေဒစိုးမိုးဖို့၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်ချက်များစွာ ရှိနေတဲ့အထဲ မိမိပညာနဲ့ ကျရာတာဝန်ကို စေတနာထားပြီး လုပ်ဆောင်ခြင်းကလည်း အရေးကြီးတယ်လို့ ယူဆပါတယ်။

မိမိလုပ်ဆောင်တဲ့ လုပ်ငန်းနှင့်လျော်ညီတဲ့ ကျင့်ဝတ်၊ ဂုဏ်သိက္ခာတွေကို လိုက်နာပြီး အဂတိကင်းကင်းနဲ့ ထမ်းဆောင်မည့်သူတွေ၊ တနည်းအားဖြင့် မိမိတတ်မြောက်ထားတဲ့ ပညာနဲ့ အခွင့်အလမ်းဘက်ကို မလိုက်ဘဲ တာဝန်ဘက်ကို အလေးထား ဆောင်ရွက်မယ့် ပညာရှင်တွေ လိုအပ်ပါတယ်။ လူငယ်တွေကို ပိုင်ဆိုင်တာ ကျောင်းဆရာ၊ ဆရာမတွေပါ။ ဒီလို နိုင်ငံရဲ့အနာဂတ် သားကောင်းရတာတွေကို ပိုင်ဆိုင်တဲ့ ဆရာ၊ ဆရာမတွေကလည်း မိမိတို့ရဲ့ အခွင့်အလမ်းအတွက် လူငယ်တွေကို အသုံးမချခဲ့ရင် ကျူရှင်ပြဿနာတွေ နည်းလာမှာပါ။ တာဝန်အတွက် စေတနာမှန်မှန်နှင့် သင်ပြသွားရင် နိုင်ငံ့သားကောင်းရတနာတွေကို ဒီထက်များစွာ မွေးထုတ်ပေးနိုင်မှာပါ။ ကျောင်းသားဆိုတာမှာ တက္ကသိုလ်ကျောင်းသားတွေအထိလည်း ပါဝင်ပါတယ်။ နောက် ရဲဝန်ထမ်းတွေရဲ့ အဂတိကင်းကင်းနဲ့ တာဝန်ထမ်းဆောင်မှုတွေက တရားဥပဒေစိုးမိုးမှုကို အထောက်အကူပြုမှာ ဖြစ်ပါတယ်။

တချို့ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးမှုတွေမှာလည်း တာဝန်ကျတဲ့သူတွေရဲ့ တာဝန်ဘက်ကို မလိုက်ဘဲ အခွင့်အလမ်းဘက်ကို လိုက်ကြတဲ့အခါ တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်တွေက မူးယစ်သားကောင်တွေ ဖြစ်ကြရပါတယ်။

၂၀၁၇ မေလအတွင်းက  AFP သတင်းတပုဒ်မှာ ဆယ်ကျော်သက် လိင်ကျွန်စေခိုင်းမှုအတွက် လူသူစုဆောင်းသည့် ဂိုဏ်းတွင် ထိုင်းရဲများ ပါဝင်နေတဲ့ သတင်းတပုဒ်ကို ဖတ်လိုက်ရပါတယ်။ အမှုကိစ္စမှာ ပါဝင်တဲ့ ရဲအရာရှိ ၄ ဦးကို မေလ ၁ ရက်နေ့က ဖမ်းဝရမ်းထုတ်ပြန်ခဲ့တယ်လို့ အမှုကို စုံစမ်းစစ်ဆေးသူတွေက အတည်ပြုခဲ့ပါတယ်။

အဆိုပါသတင်းမှာပဲ ဖော်ပြထားတာက ပြီးခဲ့သည့်နှစ်က ဘန်ကောက်တွင် ဧရာမဇိမ်ခခန်းတခုကို ဝင်ရောက် စီးနင်းခဲ့ရာ ဒေသခံရဲများအား ပိုက်ဆံပေးထားသည့် လက်ဖက်ရည်ဖိုးမှတ်တမ်းစာအုပ်ကို ရှာဖွေတွေ့ရှိခဲ့သည်ဆိုပြီး ဖော်ပြထားပါတယ်။

ဆက်စပ်ပြီး တွေးလိုက်ရင် ကျနော်တို့ဆီမှာလည်း လက်ဖက်ရည်ဖိုး ဆိုတာက အတော်လေးကို တွင်ကျယ်တဲ့ ကိစ္စရပ်တခုပါ။ ဦးသိန်းစိန် အစိုးရလက်ထက်မှာတောင် ၃ သိန်းအောက် ကန်တော့ကြေးကို လက်ခံလို့ရတယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါသေးတယ်။

ခုလည်း သူ့နည်း သူ့ဟန်နှင့် ဖြစ်နေလို့ တချို့ အရာရှိကြီးတွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ တိုင်ကြားခံရတာတွေ၊ အရေးယူခံရတာတွေ ရှိနေတာပါ။ ဌာနဆိုင်ရာတခုမှာ အရာရှိကြီးဖြစ်ဖို့ဆိုတာ ရင်းနှီးခဲ့ရတဲ့ နှစ်ကာလ၊ လေ့လာ ကြိုးစားခဲ့ရတဲ့ ပညာရင်းနှီးမြှုပ်နှံမှု စတာတွေ အများကြီးပါ။ ဒီလို ကြိုးစားလာတဲ့အတွက်လည်း ထိုက်သင့်တဲ့ ရာထူး၊ အာဏာတွေကို ရရှိလာကြတာပါ။ သို့ပေမယ့် တချို့သော ပညာတတ်တွေ၊ အရာရှိကြီးတွေက ပညာကို တာဝန်အတွက် အသုံးမချဘဲ အခွင့်အလမ်းအတွက် အသုံးချကြတဲ့အခါ တိုင်းပြည်အတွက် နစ်နာပါတယ်။

လုပ်ပိုင်ခွင့်ရှိတဲ့သူတဦးရဲ့ လက်မှတ်တစောင်က သစ်တောတတောကိုလည်း ခဏတာ ပြုန်းအောင် လုပ်နိုင်ပါတယ်။ လူအတော်များများရဲ့ ဘဝကိုလည်း ခဏတာနဲ့ အိုးမဲ့ အိမ်မဲ့ ဖြစ်စေပါတယ်။ ဒါကြောင့် ဆိုင်ရာ လုပ်ငန်းတာဝန်၊ ရာထူးကို အသုံးချပြီး အခွင့်အလမ်းကိုသာ လိုက်ခဲ့ရင် ဆက်စပ်တဲ့ ပြည်သူသာ နစ်နာပါတယ်။

မြေစာရင်းဌာန အကြီးအကဲတဦးရဲ့ အခွင့်အလမ်းကို လိုက်တဲ့ အကျိုးဆက်ကြောင့် ကျေးရွာ အတော်များများမှာ မြေယာပြဿနာတွေ တက်ကုန်ပါတယ်။ ဂိတ်စောင့်ရဲ ဝန်ထမ်းတချို့ရဲ့ အဂတိလိုက်စားမှုကြောင့် မူးယစ်ဆေးတွေ မြို့ထဲ၊ ရွာထဲကို ရောက်ကုန်ပါတယ်။ သင်္ဘောမောင်းတဲ့သူတွေရဲ့ အခွင့်အလမ်းကိုလိုက်ပြီး ဆီတွေ ခိုးရောင်းမှုကြောင့် သင်္ဘောသွားနှုန်းက လိုတာထက် ပိုနှေးကာ ခရီးသွားပြည်သူတွေရဲ့ လူမှုဒုက္ခကို ပိုများစေပါတယ်။ ဆရာ၊ ဆရာမတချို့ရဲ့ မိမိဆီမှာ ကျူရှင်မတက်ရင် ကျောင်းသားချင်း အတူတူ ခွဲခြားဆက်ဆံမှုကြောင့် ကျောင်သူ ကျောင်းသား တချို့ရဲ့ စိတ်ဒဏ်ရာကို ရသွားစေပါတယ်။ သူနာပြုတယောက်ရဲ့ မိမိဆီကို လာကပ်ထားတဲ့ လူနာ မဟုတ်တဲ့အတွက် ဟိမ်းဟောက်မှုတွေကြောင့် နွမ်းပါးတဲ့ လူနာတဦးက ခန္ဒာကိုယ်ရောဂါအပြင် စိတ်ကျခြင်းတွေ ဖြစ်သွားစေပါတယ်။ ဒီလိုဖြစ်ရခြင်း အကျိုးဆက်တွေကို ကြည့်လိုက်ရင် မိမိတတ်ထားတဲ့ ပညာကို တာဝန်အတွက် အသုံးမချဘဲ အခွင့်အလမ်းဘက်ကို လိုက်သွားကြလို့ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ‘အဂတိ လိုက်စားမှု တွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာ မြှင့်တင်စို့’ဆွးနွေးပွဲမှာ စီးပွားရေးပညာရှင် ဒေါက်တာမြင့်ဦးက အဂတိတိုက်ဖျက်ရေးကို အစိုးရက လုပ်ကိုင်မှု အောင်မြင်ရန်အတွက် အများလက်ခံ ယုံကြည်မှုက အရေးကြီးကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အစိုးရကိုယ်တိုင်က အလေးအနက် ဆောင်ရွက်နေကြောင်းကို ပြည်သူက လက်ခံယုံကြည်ဖို့ လိုတယ်လို့ ထောက်ပြ ပြောဆိုခဲ့တာ တွေ့ရပါတယ်။

သူပြောတဲ့စကားထဲမှာ “အထူးသဖြင့် ကော်မရှင်ဆိုရင် တကယ်လုပ်နေတယ် ဆိုတာကို ပြရမယ်။ ပြတဲ့အခါကျရင် ဘယ်လိုပြရမလဲဆိုတော့ ငါးကြီးကြီးတချို့ကို ကြောင်လိုက်ပါတဲ့။ တကယ် သိက္ခာပျက်နေတာတွေကို လုပ်ပြလိုက်ပါတဲ့။ ပြဿနာက ငါးကြော်တဲ့ဟာကလည်း သူများငါးပဲ ကြော်ချင်တယ်။ ကိုယ့်ငါး မကြော်ချင်ဘူး။ ကြော်လို့ရှိရင်လည်း ကိုယ့်ရေကန်ထဲက ငါးကိုကြော်ပါ။''ဆိုပြီး ပြောသွားတာကို မီဒီယာတွေ မှာလည်း ဖော်ပြထားတာ တွေ့ပါတယ်။

အဆိုပါဆွေးနွေးပွဲမှာပဲ အဂတိလိုက်စားမှု တိုင်ကြားမှုဟာ ကော်မရှင်သစ် စတင်တာဝန်ယူတဲ့ နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာလကုန်ထိ နှစ်လတာကာလအတွင်းမှာ တိုင်ကြားစာ ၃၉၂ စောင်ရှိပြီး စုံစမ်းစစ်ဆေးတဲ့အမှု ၁၈၈ မှု ရှိနေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားခဲ့တာ တွေ့ရပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကောင်မရှင်နှင့် UNODC တို့ ပူးပေါင်းကျင်းပတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ ကိုယ်ကျင့်သိက္ခာ မြှင့်တင်စို့ စာတမ်းဖတ်ပွဲကို ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်အတွင်း ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါဆွေးနွေးပွဲကပဲ မြန်မာပြည်ရဲ့လက်ရှိ အချိန်ထိ ဖြစ်ပျက်နေတဲ့ အဂတိလိုက်စားမှုတွေ၊ တာဝန်နှင့် ရာထူးကို အလွဲသုံးစားလုပ်မှုတွေကို ဖော်ပြနေပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဂရပ်မျဉ်း အောက်စိုက်ခဲ့ရပုံကို ကြည့်လိုက်ရင် လူတချို့က ထားစရာမရှိအောင် ချမ်းသာသွားပြီး လူတချို့က နေစရာ အခက်အခဲ၊ စားဝတ်နေရေး အခက်အခဲ ဖြစ်သွားတာကို လူတိုင်း သိကြပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းကလည်း တာဝန်၊ ရာထူးရှိတဲ့သူတွေထဲက တချို့သောပုဂ္ဂိုလ်များဟာ ပညာရှင်မပီသခဲ့ပါဘူး။

အခု ကျနော်တို့နိုင်ငံရဲ့ တိုးတက်မှုကို တားဆီးနေတဲ့၊ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုတောင် ပညာရှင်တွေ ပါဝင်ရေးဆွဲခဲ့တာပါ။ နောက် မြစ်ဆုံစီမံကိန်း၊ ရခိုင်မှာဆိုရင် မဒေးကျွန်းရေနက်ဆိပ်ကမ်း၊ နေပူတောင်စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတွေပါ။

ကျောက်ဖြူစီမံကိန်းဆိုရင် အစိုးရက မြန်မာ ၅၀ ရာခိုင်နှုန်း တရုတ် ၅၀ ရာခိုင်နှုန်း ညှိခဲ့တာတောင် ၈၅ ရာခိုင်နှုန်းထိ လိုလားတယ်လို့ တရုတ်က ပြောနေတယ်ဆိုကတည်းက တရုတ်က ပိုင်တာလား၊ မြန်မာနိုင်ငံက ပိုင်တာလားဆိုတာ မေးခွန်းထုတ်စရာပါ။

ဒီလိုမျိုး တခြား တိုင်းပြည်တပြည်ရဲ့ လွှမ်းမိုးမှုကို ဘာကြောင့် ခံခဲ့ကြရသလဲဆိုရင် သာမန်ပြည်သူတွေကို ဓားမိုး အုပ်ချုပ်၊ ပညာတတ်တဲ့သူ တချို့ကို အစိုးရ တည်မြဲဖို့ ဒေါက်တိုင်အဖြစ် အသုံးချ၊ အသုံးချမခံတဲ့သူတွေကို ပြည်တွင်းထဲမှာ မနေနိုင်အောင် အမျိုးမျိုးနှိပ်စက်၊ ဒီတော့ ပညာတတ်တွေကလည်း လုပ်ငန်းပိုင်းဆိုင်ရာကို အသုံးချပြီး အခွင့်အရေးရှိနေတုန်း ရသမျှကို ကျုံးထည့်မယ်ဆိုတဲ့သူတွေ များလာတာကြောင့် တိုင်းပြည်ရဲ့ လူမှုဘဝ၊ တရားဥပဒေစိုးမိုးရေးတို့က ချွတ်ခြုံကျသွားတာပါ။

ပညာနဲ့ လုပ်ဆောင်တယ်ဆိုတဲ့ နေရာမှာ မိမိရဲ့ပညာနဲ့ လုပ်ကိုင် စားသောက်နေသူ အားလုံးကို ဆိုလိုပါတယ်။ ရုံးပိုင်းဆိုင်ရာ ဆိုရင်လည်း ပညာနဲ့ လုပ်ကိုင် စားသောက်နေသူတွေပါပဲ။ ဌာနဆိုင်ရာမှာ အလုပ်တခု လုပ်ဖို့ဆိုကတည်းက ထိုက်သင့်တဲ့ ပညာအရည်အချင်း၊ လိုအပ်တဲ့ သင်တန်းတွေကို တက်ရောက်ပြီး နိုင်ငံတော်အတွက် အလုပ်လုပ်ပေးကြတာပါ။ ဒီလို ဂုဏ်သိက္ခာရှိရှိနဲ့ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရာက အခွင့်အလမ်း တံစိုးလက်ဆောင်တွေကြောင့် အသုံးချခံဖြစ်သွားရင် တိုင်းပြည် ကျဆုံးပါတယ်။

တိုင်းပြည်တပြည် ကျဆုံးခြင်းက ယင်းတိုင်းပြည်အပေါ်မှာ သစ္စာစောင့်သိသူ နည်းလို့ပါပဲ။ သစ္စာမစောင့်သိတဲ့ထဲမှာ သာမန်ပြည်သူတွေထက် တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်တဲ့ ပြည်သူ့ဝန်ထမ်းတွေ ပါဝင်နေရင် ပိုပြီး ကျဆုံးဖို့ လွယ်ပါတယ်။ ဥပမာ ရခိုင်ပြည်က လူဝင်မှုပြဿနာတွေကို ကြည့်ရင် သာမန်ပြည်သူတွေရဲ့ ပယောဂကြောင့် တိုင်းတပါးသားတွေက အစုလိုက်အပြုံလိုက် မရောက်ရှိနိုင်ပါဘူး။ တာဝန်ရှိတဲ့သူတွေက ဖမ်းဆီးမိရင်တောင် တကယ့်အာဏာပိုင်တွေက ခွင့်ပြုရင် ဘာမှမတတ်နိုင်ခဲ့တဲ့ အနေအထားပါ။

ဒီလိုအခြေအနေတွေကို ကြည့်ရင် ပညာရှင်တွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ နိုင်ငံအပေါ် စောင့်ထိန်းတဲ့ တာဝန်ကို ထမ်းဆောင်ရာမှာ ရာထူးကြီးပြီး သစ္စာမဲ့တဲ့ လုပ်ရပ်ကို လုပ်တဲ့သူတွေကိုလည်း ဖော်ထုတ်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ် တတ်ထားတဲ့ပညာနဲ့ ဂုဏ်သိက္ခာရှိစွာ ထမ်းဆောင်မယ့်သူတွေကိုသာ တိုင်းပြည် တိုးတက်ရေးအတွက် လိုပါတယ်။ အခွင့်အလမ်းနောက်ကို ဂုဏ်သိက္ခာမဲ့စွာ လိုက်နေတဲ့ ပညာရှင်တွေကို တိုင်းပြည်တိုးတက်ရေးအတွက် မလိုအပ်ပါဘူး။ တာဝန်ကြီးတဲ့သူတွေ၊ ရာထူးကြီးတဲ့သူတွေထဲက အဂတိတရားတွေ များလာရင် အရင်ဆုံး ခံရတာက နင်းပြားပြည်သူများသာ ဖြစ်ပါတယ်။

ကျော်လင်း(ရောင်စုံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013