
ထိုင်းနိုင်ငံ ဘန်ကောက် ဝပ်ထနားနယ်မြေထဲမှာ အောက်တိုဘာ ၁၈ ရက် ညက သွေးအိုင်ထဲ လဲကျသေဆုံးနေတဲ့ မြန်မာလုပ်သားတယောက်ရဲ့ အလောင်းကို တွေ့ရှိပြီးနောက် ရဲတွေက တရားခံကို လိုက်လံစုံစမ်းတာမှာ ကျူးလွန်သူ မြန်မာတယောက်ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဆိုင်ကယ်နဲ့ ပါဆယ်ထုပ် လိုက်ပို့နေသူ ကယ်ရီသမားတယောက်ဟာ အောက်တိုဘာ ၁၈ ရက် ည ၈ နာရီလောက်က ဝပ်ထနားနယ်မြေ ဖရခနုံဈေး အနောက်ဘက်မှာ ပါဆယ်ထုပ်သွားပို့ရင်း ကားပါကင်နားမှာ သွေးအိုင်ထဲ မှောက်လျက် လဲနေသူတယောက်ကို တွေ့ရှိခဲ့တယ်၊ အနီးနားက လူတွေ ပြောပြချက်အရ မြန်မာလုပ်သားတယောက်လို့ သိရပြီး ခလောင်းတန်နယ်မြေ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။
တာဝန်ရှိရဲတပ်ဖွဲ့က အလောင်းကို လာရောက်စစ်ဆေးကာ ဆေးရုံရင်ခွဲရုံ ပို့ဆောင်ပြီး တရားခံကို လိုက်လံစုံစမ်းတယ်၊ စီစီတီဗီကင်မရာက ရိုက်ကူးထားတဲ့ အထောက်အထားတွေအရ ကျူးလွန်သူဟာ အဝတ်လဲပြီး ခလောင်းဒွေနယ်မြေ ဖရခနုံရပ်ကွက် လက်ဖက်ခြောက်စက်ရုံ လမ်းကြားမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတာ တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် ရဲတွေက သူ့ကို အောက်တိုဘာ ၁၉ ရက် မနက် ၃ နာရီမှာ သွားရောက်ဖမ်းဆီးခဲ့တယ်၊ ပြစ်မှုကျူးလွန်စဉ် ဝတ်ဆင်ခဲ့တဲ့ အနက်ရောင် ဘောင်းဘီတိုနဲ့ သွေးစွန်းနေတဲ့ ပတ်တီးစတခုကိုပါ သက်သေအဖြစ် သိမ်းဆည်းရမိခဲ့တယ်၊ အခင်းဖြစ်စဉ် သူ့ရဲ့လက်မှာလည်း ဒဏ်ရာရခဲ့လို့ ပတ်တီးစည်းခဲ့တာလို့ ဆိုပါတယ်။
ဆက်လက်စစ်ဆေးမေးမြန်းချက်အရ သေဆုံးသူမှာ အောင်ဇော်မင်း ဖြစ်ပြီး ဓားထိုးမှု ကျူးလွန်သူမှာ ဂျီဝမ်း ဆိုသူ မြန်မာနိုင်ငံသား ဖြစ်ပါတယ်။
သူတို့ ၂ ယောက်ဟာ အသိအကျွမ်းတွေမဟုတ်ဘဲ ဒီမတိုင်ခင်က ၂ ယောက်လုံး အရက်မူးပြီး ဓားထိုးမှုဖြစ်ခဲ့တာလို့ ဂျီဝမ်းက ထွက်ဆို ဝန်ခံပါတယ်။ သူဟာ အောင်ဇော်မင်းရဲ့ ရင်ဘတ် ဘယ် ဘက်ခြမ်းကို ဓားနဲ့ထိုးသတ်ခဲ့တယ်၊ အဲဒီဓားကို အမှိုက်ပုံးတခုထဲ လွှင့်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူ့ကို တမင်ကြံရွယ်လူသတ်မှုနဲ့ အရေးယူဖို့ ခလောင်းတန်နယ်မြေရဲစခန်း စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ထံ ဆက်လက်ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
Source: Thairath News / CH 7 TV News











