DVB Logo
Home
မြန်မာသတင်း
ဟိုပုန်းလယ်သမားများ နှစ်ရှည်ထောင်ဒဏ် မတရားချခံခဲ့ရဟု ရှမ်းလူ့အခွင့်အရေးအဖွဲ့ပြော
DVB
·
March 1, 2018
ဟိုပုန်းလယ်သမားများ နှစ်ရှည်ထောင်ဒဏ် မတရားချခံခဲ့ရဟု ရှမ်းလူ့အခွင့်အရေးအဖွဲ့ပြော
Donate to DVB

ရှမ်းပြည်နယ် ဟိုပုန်းမြို့နယ်က လယ်သမား ၈ ဦးကို တပ်မတော်က ပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီးတရားစွဲဆိုပြီး နှစ်ရှည်ထောင်ဒဏ်ချလိုက်တဲ့အပေါ် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်က ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ နှစ်ဇူလိုင် ၁၄ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း ဟိုပုန်းမြို့နယ်အတွင်း တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲနောက်ပိုင်းမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်နဲ့ အဆက် အသွယ်ရှိသည်ဟုဆိုကာ ရွာသားလယ်သမားတချို့ကို တပ်မတော်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ရွာသားတွေမှာ အသက်မွေးမှုလုပ်ငန်းသုံး ဝေါ်ကီတော်ကီစကားပြောစက်၊ အမဲလိုက် လက်လုပ်သေနတ်နဲ့ ကျည်ဆန်တွေ လက်ဝယ်ထားရှိမှုနဲ့ သူတို့ကို တရားစွဲဆိုခဲ့တာလို့ ဆိုပါ တယ်။

ရွာသားတွေဟာ ဟိုပုန်းမြို့တရားရုံးမှာ ၆ လကျော်စစ်ဆေးမှုကို အကြိမ်ကြိမ်ခဲ့ရပြီး တရားလိုအဖြစ် တရားစွဲဆိုထားတဲ့ တပ်မတော်က တရားရုံးမှာ ခိုင်မာတဲ့ သက်သေထွက်ဆိုနိုင်ခဲ့ခြင်းမရှိဘဲ   ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆  ရက်နေ့မှာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာလို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ရွာသားတွေရဲ့ ရှေ့နေ ဒေါ်စပ်မြ၀တီကတော့ ရွာသားတွေဟာ ဥပဒေရဲ့ အကာအကွယ်မရဘူးလို့ ဒီဗွီဘီကိုပြောပါတယ်။

“အကုန်လုံးကို အများဆုံးသတ်မှတ်တဲ့ ပြစ်ဒဏ်ပေးထားတယ်။ နောက်တရားလိုက မြန်မာ့တပ်မတော်ဘက်ကဖြစ်တယ်။ တရားခံကတော့ တောသူတောင်သားတွေ၊ စာလည်းမတတ်၊ ဗမာစကားလည်း မတတ်တာများတယ်။ အဲဒါက ဥပဒေရဲ့ အကာအကွယ်ကို မခံစားရဘူးပေါ့နော်။ တရားလိုဘက်က ရှေ့နေကျတော့ တရားခံဘက်က အပြစ်ရှိကြောင်း တခွန်းမှမတင်ပြနိုင်ဘူး။ ဘာကြောင့် အပြစ်ရှိတယ်ဆိုတာ တခွန်းမှ မပြောဘဲနဲ့ အပြစ်ပေးပါဆိုတာ တလုံးပဲပြောတယ်။ ဒီဥပဒေဘက်ကနေ တင်ပြတဲ့ အချက်အလက်တွေကို တခုမှ ထည့်မစဉ်စားဘဲနဲ့ အများဆုံးပေးနိုင်တဲ့ ပြစ်ဒဏ်ကို ချမှတ်လိုက်တာပေါ့။ ”

ဖမ်းဆီးထောင်ချခံရသူတွေက ဟိုပုန်းမြို့နယ်က ၀မ်နမ့်ခုတ်၊ ၀မ်ခိုတောင်း၊ ၀မ်ခုတ်လောင်၊ ၀မ်မတ်လန်း၊ ၀မ်ကွန်ခုန်း ကျေးရွာက ဒေသခံတွေဖြစ်ပြီး သူတို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ၊ လက်နက်ဥပဒေပုဒ်မ၊ အထူစစ်ဆင်ရေးဥပဒေပုဒ်မနဲ့ ပို့ဆောင်ရေးဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့တာပါ။

အဆိုပါဒေသမှာ ရွာသားတွေဟာ စကားပြောစက်ကို လူတိုင်းအသုံးပြုနေကြသလို တောပစ် တူးမီးသေနတ်တွေကိုလည်း ဟိုအရင်ကတည်းက အသုံးပြုလာခဲ့ကြတာလို့ ဆိုပါတယ်။

ဒါကြောင့် ရွာသား ၈ ဦးကို ထောင်ဒဏ် ၄ နှစ်ကနေ ၁၀ နှစ်အထိ ပုဒ်မအလိုက် ပြစ်ဒဏ်ချမှတ်လိုက်တာဟာ မတရားအပြစ်ပေး စီရင်ချက်ချမှတ်တာဖြစ်တယ်လို့လည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013