ဘုရားပွဲလာသည့် ထော်လာဂျီယာဉ် နောက်ပြန်လိမ့်ကျ၊ ၁ ဦး သေဆုံး
DVB
·
March 1, 2018

တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ပန်းပင်တန်ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာ မြစိမ်းတောင်ညို ဘုရားပွဲကို လာတဲ့ ထော်လာဂျီယာဉ် နောက်ပြန်လိမ့်ကျရာ အနီးရှိဈေးရောင်းနေသူကို ကြိတ်မိခဲ့ပြီး အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဥက္ကံနယ်မြေရဲစခန်းက သိရပါတယ်။
ဘုရားကုန်းပေါ်ကို ထော်လာဂျီက အရှိန်နဲ့မောင်းတတ်တာ အရှိန်မထိန်းနိုင်ဘဲ နောက်ပြန်လိမ့်ကျတော့ အလှကုန်ဈေးရောင်းနေတဲ့ ဆိုင်ဘက်ကို လိမ့်ကျပြီး ကားနဲ့ တက်နင်းသွားတာပါလို့ ပတ်ဝန်းကျင်ဈေးသည်တွေက ပြောပါတယ်။
သေဆုံးသူမှာ သုံးဆယ်မြို့ အနောက်ရိုးကြီး ရပ်ကွက် နေထိုင်သူ မသဲသဲထွန်း (၂၀-နှစ်) ဖြစ်ပြီး အစ်ကိုဖြစ်သူ ဇော်လွင်မော် (၂၇-နှစ်)မှာ ယာတံတောင်ဆစ် ပေါက်ပြဲဒဏ်ရာခဲ့ပြီး ယဉ်မောင်းမှာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
“မနက် ၅ နာရီခွဲလောက်က ဖြစ်တာ။ ကျနော်တို့ ရောက်သွားတော့ ယာဉ်မောင်းနဲ့ ယာဉ်ပေါ်ပါတဲ့သူတွေ မတွေ့တော့ဘူး။ အကုန်ရှောင်ထွက်သွားတယ်လို့ သိရတယ်။ ကျနော်တို့ ယာဉ်ပိုင်ရှင် ပေါ်ပေါက်အောင် ဆက်လက်စုံစမ်းနေပါတယ်။”
အမှုနဲ့ပတ်သက်ပြီး ယာဉ် (ပ)၇/၂၀၁၈ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၃၇/၂၀၂ နဲ့ အမှုဖွင့်ထားပါတယ်လို့ အမှုစစ်ဒုရဲအုပ်မင်းသူက ပြောပါတယ်။
သတင်း - မေသွယ်