DVB Logo
Home
မြန်မာသတင်း
ရခိုင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပသေးသည့် အခြေအနေ အတိုင်ပင်ခံက ရှင်းပြထားဟုဆို
DVB
·
March 1, 2018
ရခိုင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပသေးသည့် အခြေအနေ အတိုင်ပင်ခံက ရှင်းပြထားဟုဆို
Donate to DVB

ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်သေးတဲ့ အခြေအနေကို ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ရှင်းပြထားတယ်လို့ အစိုးရအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညနေက နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အဆောက်အအုံမှာ ပြုလုပ်တဲ့ JICM အစည်းအဝေးအပြီး ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးနဲ့ ပတ်သက်တဲ့ သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုအပေါ် ဦးဇော်ဌေးက အခုလို ပြောဆိုလိုက်တာပါ။

“ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေရ အရမ်းကို ထိလွယ် ရှလွယ် အနေအထားဖြစ်ပါတယ်။ မကြာသေးခင်ကပဲ မြောက်ဦးဖြစ်စဉ် ဖြစ်တယ်။ စစ်တွေမှာ ဗုံးကွဲမှု ဖြစ်တယ်။ ဒီလိုမျိုး ဖြစ်နေတဲ့ အနေအထားမှာ ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးပေါ့။ ဒါတွေကိုလည်း မနက်ပိုင်း နိုင်ငံတော်အတိုင်ပင်ခံ အဖွင့်မိန့်ခွန်း ပြောကြားပြီးတော့ အလွတ်သဘော tea break မှာ ပြောပါတယ်။ ရှင်းပြတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်က ရှင်းပြတယ်။ ALP က ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်ကို ရှင်းပြတယ်။ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ လက်ရှိ နိုင်ငံတော်အစိုးရက နိုင်ငံတကာမျက်နှာစာမှာ ဆောင်ရွက်နေရတဲ့ အခြေအနေတွေ အလားအလာတွေကို အကျယ်တဝင့် ရှင်းပြတယ်။ ဒီနေ့ JICM မှာလည်း ALP က ဒါကို နားလည်မှု ရှိတယ်ပေါ့နော်။”

ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးဟာ JICM အစည်းအဝေးကနေ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်တရပ် ဖြစ်တဲ့အတွက် အတိုင်းအတာ တခုအထိ ဒေသတည်ငြိမ်မှု ရှိလာပါက မဖြစ်မနေ ကျင်းပသွားမှာ ဖြစ်တယ်လို့လည်း JICM အဖွဲ့ဝင်တွေက ဆိုပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုရဲ့ အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်သည့် JICM အဖွဲ့ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ဖို့ လိုတယ်လို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုခဲ့ပြီး ဆွေးနွေးမှုနဲ့ အချိန်ကုန်တာမျိုး မရှိအောင် အချိန်သတ်မှတ်ချက်ထား အကောင်အထည်ဖော်ဖို့ လိုတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ရခိုင်ပြည်နယ်မှာ ALP ရဲ့အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ၆ ကြိမ်မြောက် JICM အစည်းအဝေး အမှတ် ၃ မှာ ရှိတယ်။ ALP ရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးနဲ့ ပတ်သက်ပြီးတော့ အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်သွားမယ် ဆိုတဲ့ JICM ဆုံးဖြတ်ချက်ပေါ့။ ဒီနေ့ အစည်းအဝေးမှာလည်း ဒီဆုံးဖြတ်ချက်ကို ထပ်လောင်းပြီးတော့ အတည်ပြုတဲ့သဘော ဆွေးနွေးပါတယ်။ အဓိကအားဖြင့် ALP ဘက်ကလည်း ကျနော်တို့ နားလည်မှုရှိပါတယ်။ သို့သော် ကျနော်တို့ကတော့ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ဘာလဲဆိုတော့ တသက်လုံး မကျင်းပရတော့ဘူးလို့ မဟုတ်ဘူး။ အခြေအနေ အချိန်အခါပေါ် မူတည်ပြီး ကျင်းပခွင့် ရအောာင် ကြိုးစားသွားမယ်။ အဲဒီစဉ်းစားချက်ကို အားလုံးက သဘောတူတယ်။”

JICM အစည်းအဝေးကိုတော့ ၄ မိနစ်နီးပါး အချိန်ယူ ဆွေးနွေးခဲ့ပြီး တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် မေလဆန်းပိုင်းလောက်မှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပြီး ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့နဲ့ မွန်ပြည်သစ်ပါတီကို JICM အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013