DVB Logo
Home
မြန်မာသတင်း
မလေးရှားသို့ တရားမ၀င် ၀င်ရန်ကြိုးပမ်းသည့် မြန်မာနိုင်ငံသားတချို့ ဖမ်းဆီးခံရ
DVB
·
February 28, 2018
မလေးရှားသို့ တရားမ၀င် ၀င်ရန်ကြိုးပမ်းသည့် မြန်မာနိုင်ငံသားတချို့ ဖမ်းဆီးခံရ
Donate to DVB

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ဖြတ်ကျော်ပြီး မလေးရှားနိုင်ငံထဲ တရားမ၀င် ၀င်ရောက်မယ့် မြန်မာနိုင်ငံသား ၆ ဦးကို ထိုင်းရဲကဖမ်းဆီးလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက် ည ၁၁ နာရီလောက်က ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဆဒေါင်းမြို့နယ် ဆမ်နပ်ခန်ရပ်ကွက်ထဲမှာ မလေးရှားဘက် ခိုးဝင်မယ့် မြန်မာ ၆ ဦးကို ဖမ်းဆီးရမိ တယ်လို့  ချယ်နယ် ၈ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။

အမှတ် ၄၃၀၄ ထိုင်းနယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ သတင်းတပ်ဖွဲ့တာဝန်ရှိသူတွေဟာ နယ်မြေတွင်းစောင့်ကြပ်စဉ် ကားတစ်စီးဝင်ရောက်လာပြီး ပြန်ထွက်သွားတဲ့အသံကို ကြားရ ကြောင်း၊ ခဏအကြာ လူတစ်စုက ခြေလျင်လျှောက်ပြီး ဖြတ်သန်းလာတာကြောင့် တာဝန်ရှိ သူတွေက စစ်ဆေးဖို့ရပ်ခိုင်းရာမှာ  အချို့ကတောတွင်းအမှောင်ထဲ ထွက်ပြေးလွတ်မြောက်သွားပြီး ၆ ဦးကိုသာ ဖမ်းမိတယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က သတင်းထောက်ကို ပြောပါတယ်။

သူတို့ထဲမှာ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦးပါဝင်ပြီး ထိုင်းစကား အနည်းငယ် ပြောတတ်သူ တဦးပြောပြချက်အရ သူတို့ဟာ မြန်မာပြည် ရခိုင်ပြည်နယ်ဘက်ကဖြစ်ကြောင်း၊   မလေးရှားဘက်ကို တရားမ၀င်အလုပ်သွားလုပ်ဖို့ မြန်မာပွဲစားတစ်ဦးအဆက်အသွယ်နဲ့ လူတစ်ဦးလျှင် ကျပ် ၆ သိန်း (ထိုင်းဘတ်ငွေ တစ်သောင်းကျော်) ပေးကာ ရောက်ရှိလာတာဖြစ်ပြီး မလေးဘက်ကလူ လာအခေါ်ကို စောင့်ဆိုင်းစဉ် ခုလိုအဖမ်းခံရတာလို့ ဆိုပါတယ်။

သူတို့အားလုံးကို တရားမ၀င် ၀င်ရောက်မှုနဲ့အရေးယူဖို့ ဆဒေါင်းမြို့နယ် လ၀ကရဲရုံးကို ဆက်လက်ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED မှ ကိုမင်းဦးက သူတို့အဖွဲ့အနေနဲ့ အဖမ်းခံထားရသူတွေကို သွားရောက်ကြည့်ရှု အားပေးခဲ့ရာမှာ ၄ ကြိမ်ရှိခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်က သွားကြည့်ခဲ့တဲ့ အုပ်စုမှာ ၂၀ ဦးရှိတယ်လို့  ဒီဗွီဘီကို ပြောပါတယ်။

“ ကျနော်တို့သွားကြည့်တဲ့ အုပ်စုထဲမှာ မလေးကိုသွားဖို့ လုပ်မယ့်သူ တွေက ၂၀ ဦးနဲ့ ပတ်စ်ပို့ကိစ္စနဲ့ အဖမ်းခံထားရတာက ၁ ယောက် ပေါင်း ၂၁ ယောက်ပေါ့။ ပွဲစားက လာထားသွားတဲ့နေရာမှာစောင့်ရင်း စစ်တပ်နဲ့ရဲကရောက်လာလို့ ဖမ်းခံထိကြတာ။  အရင် အုပ်စုတွေကတော့ လွတ်သွားပြီ၊ အဖမ်းခံရသူတွေကို လက်မှတ်ရှိသူ မရှိသူ၊ ရောက်လာတဲ့ အကြောင်းရင်း၊ ဘယ်ပွဲစားနဲ့လာလဲ။ လူကုန်ကူးမှုမြောက်မမြောက် အဲဒါတွေကို စစ်ဆေး၊ တရားရုံးတင်ပြီးမှ ပြန်လွတ်တော့ အမှုပေါ်မူတည်ပြီး တချို့က ၄- ၅ လ၊ တချို့က တစ်လ နှစ်လ အဲလိုကြာတတ်တယ်”

သူတို့သွားကြည့်တဲ့ လူတွေထဲမှာ အမျိုးသမီး ၄ ဦးပါပြီး သူတို့လိုအပ်တဲ့ တကိုယ်ရေသုံး ပစ္စည်းတွေ စားစရာတွေ ပို့ဆောင်ပေးခဲ့ကြောင်း၊ သူတို့တွေဟာ မြန်မာပြည် မော်လမြိုင်၊ ရန်ကုန်၊ နေပြည်တော်စတဲ့ အနယ်နယ်အရပ်ရပ်က မတူတဲ့ပွဲစားတွေနဲ့ သီးသန့်စီရောက်လာတာလို့ ဆိုပါတယ်။

မြန်မာပြည်ကနေ ထိုင်းကိုဖြတ်ပြီး မလေးရှားဘက်ဝင်မယ့်သူတွေထဲ အချို့မှာ ပွဲစားက တောထဲမှာ ရက်ပေါင်းရှည်ကြာ စွန့်ပစ်ထားပြီး မလေးရှားဘက်ကလည်း လာမခေါ်တာကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်လာကာ တာဝန်ရှိသူတွေထံ လာရောက်အဖမ်းခံတာတွေလည်း ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013