DVB Logo
Home
မေးမြန်းခန်း
အရေးတကြီး စောင့်ကြည့်နေရတဲ့ ရာသီဥတုဖြစ်စဉ် ၅ ခု
DVB
·
May 18, 2012
အရေးတကြီး စောင့်ကြည့်နေရတဲ့ ရာသီဥတုဖြစ်စဉ် ၅ ခု
Donate to DVB

လောလောဆယ် မြန်မာတပြည်လုံးမှာ အရေးတကြီး စောင့်ကြည့်နေရတဲ့ ရာသီဥတုဖြစ်စဉ် ၅ ခု ရှိနေပြီး၊ အဲ့ဒါတွေကတော့ အပူရှိန်မြင့်တက်မှု၊ မိုးတိမ်တောင်ဖြစ်ထွန်းမှု၊ မုန်တိုင်း၊ မုတ်သုံ ၀င်ရောက် မှု၊ သောက်သုံးရေ နဲ့ စိုက်ပျိုးရေး လျော့နည်းတာတွေပဲ ဖြစ်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ဒီနေ့  ပြောကြားလိုက်ပါတယ်။ ဦးထွန်းလွင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

အပူရှိန်မြင့်တက်မှုဆိုတာ လက်ရှိအခြေအနေမှာ ဘယ်ဒေသတွေကို ပိုပြီးသတိထားဖို့ လိုမလဲဆရာ။

“အပူရှိန်မြင့်တက်တာကတော့ အခုလောလောဆယ် မြေလတ်ပိုင်းနဲ့ အလယ်ပိုင်းလောက် ဖြစ်မယ်။ ရန်ကုန်လောက်တော့ အခု ရက်ပိုင်းလေး မှာ လွန်ခဲ့တဲ့ ၂၄ နာရီကနေ ၄၈ နာရီအတွင်းက စပြီး နည်းနည်းလေးပြန်ကျသွား တယ်။ မိုးလေးလည်းရွာတယ်။ မနေ့ညကလည်း မိုးရွာတယ်။ အရင်တုန်းကတော့ မြစ်ဝကျွန်းပေါ်လည်းပါတယ်။ အခုတော့ ဒီ တရက်၊ နှစ်ရက် အတွင်း မှာ မြေလတ်ပိုင်း နဲ့ အလယ်ပိုင်းကိုသာ အဓိက ပြောခြင်းဖြစ်ပါတယ်။”

နောက်တခုက မိုးတိမ်တောင် ဖြစ်ထွန်းဖို့ကလည်း တနိုင်ငံလုံး အနေအထားလား။

“တနိုင်ငံလုံးပဲ။ လောလောဆယ် မုတ်သုံက ကျနော်ကြေညာတော့မယ်။ တောင်ပိုင်းကိုဝင်ပြီ။ သိပ်တော့မကောင်းဘူး။ ၀င်ပြီး မိုးကလိုက်မလာဘူး။ ပြန်ပြီး အားပြတ်သွားဦးမှာ။ အဲဒီတော့ မိုးတိမ်တောင် ရဲ့ အန္တရာယ်ကတော့ ပြောရရင် တနိုင်ငံလုံးပဲ။ အဆိုးဆုံး ကတော့ မြန်မာနိုင်ငံ တောင်ပိုင်းပိုဖြစ်မှာပေါ့။ မုတ်သုံဝင်နေတုန်းမှာ အဆိုးဆုံးကို။ နောက် ၀င်ပြီး တပတ်လောက် ထိ ဖြစ်ဦးမှာဆိုတော့ နောက်တပတ်လောက်ထိတော့ တောင်ပိုင်း ထိမယ်။ မြန်မာတပြည်လုံးကတော့ လကုန်တဲ့ထိရှိမယ်။”

ဆရာ အရင်ပြောဖူးသလိုပဲ၊ ကျနော်တို့ ရုတ်တရက်၊ လေပြင်းတိုက်တာတို့၊ မိုးကြိုးပစ်တာ တို့ ဖြစ်လာနိုင် တာပေါ့။

“အကုန်လုံးပဲ၊ ဖြစ်နိုင်တယ်။ နေ့တိုင်းကြားနေရတာပဲ။ သတင်းစာထဲလည်း နေ့တိုင်းပါနေတယ်။”

မုန်တိုင်းဖြစ်ပေါ်နိုင်ဖို့ အခြေအနေကရော။

“မုန်တိုင်းကတော့ အခုအခြေအနေထိ အခြေအနေမပေးသေးဘူး။ ကျနော်တို့ မူလထုတ်ထားတာတော့ ၂၂ ရက်နေ့ထိ မဖြစ်နိုင်ဘူးလို့ ပြောထားတယ်။ အခုတော့ မုတ်သုံစ၀င်နေပြီဆိုတော့ တရက်ချင်းတော့ ကြည့်ရမယ်။ ဒါပေမယ့် လောလောဆယ် အခြေအနေထိတော့ မုန်တိုင်းဖြစ်ဖို့ အခြေအနေ က မတွေ့သေးဘူး။”

အဲဒီတော့ မုတ်သုံလေ၀င်ရောက်မှု နောက်ဆုံးတွေ့တဲ့ အရာလေး ပြောပြပေးပါ။

“ကျနော့်အထင်တော့ တောင်ပိုင်းတော့ မုတ်သုံဝင်ပြီ။ မိုးရွာတာပဲ ၅ ရက်လောက် ဆက်တိုက်ဖြစ်နေ တယ်။ တနင်္သာရီနဲ့ မွန်ကိုပြောတာပါ။ အမှန်မှာ အဲဒီဘက်ကမှာ မုန်တိုင်းဖြစ်ဖို့ အလားအလာရှိရမယ်။ ဒါပေမယ့် တနင်္သာရီနဲ့ မွန်က ကပ္ပလီပင်လယ်ပြင်ဆိုတော့ ရေပြင်က သိပ်မကျယ်တော့ မုန်တိုင်းက ဘင်္ဂလား ပင်လယ်အော်ဘက်ကို ထွက်မလာရင် မဖြစ်ဘူး။ အဲဒီထဲမှာ အရင်တခါ လည်း ဖြစ်မလိုလုပ်ပြီးတော့ ကမ်းထဲဝင်သွားတော့ မဖြစ်တော့ဘူး။ မသေချာသေးဘူး။ ဖြစ်နိုင်ဖို့ မူလအခြေခံဖြစ်တဲ့ မုတ်သုံဝင်ရောက်မှုကတော့ ခုနပြောသလို ကပ္ပလီ ပင်လယ်ပြင်ထိတော့ ရှိနေပြီ။ ဒါပေမယ့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း ၀င်လိုက်တာနဲ့ မုန်တိုင်းဇာတ်လမ်းက စတော့မယ်။”

အခုရက်ပိုင်း သတင်းစာထဲလည်း တွေ့ရတယ်။ မိုးကြိုးပစ်တာ လူတွေလည်းသေကြတယ်။ ရုတ်တရက် လေပြင်းတွေတိုက်လို့ အဆောက်အဦတွေ ပြိုလဲတာတွေလည်း ကြားရတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ပြည်သူက ဗဟုသုတ နည်းနေလို့လား၊ သိပ်မသိသလို ဖြစ်နေလား။ ဘယ်အပိုင်းတွေ အားနည်းနေလဲ။

“ကျနော်ကတော့ တနိုင်တပိုင်လုပ်နေတာ လေးနှစ်ကျော်နေပြီ။ ကျနော်ပြောတဲ့ ဟာတွေထဲမှာတော့ တောက်လျှောက်ပဲ ပြောနေတာ။ ၂၀၀၆ ကတည်းက ဖြစ်နေပါတယ်။ ကျနော် ဟောပြောပွဲတွေမှာ နှစ်အလိုက် ရာသီဥတု ပြောင်းလဲခြင်းလို့ ခေါ်တယ်ဆိုပြီးတော့ အခန်းတခန်းအနေနဲ့ကို ပြောပါတယ်။ ပြောတော့ ကျနော်တို့ ပြောတဲ့အပိုင်းကပဲ မကျယ်ပြန့် သလားပေါ့။ ဒါမှမဟုတ် လူထုရဲ့ စိတ်ဝင်စားမှုကပဲ အဲဒီအပိုင်းတွေမှာ နည်းနည်း အတွေ့အထိ နည်းသလားတော့ အဖြေတော့ မပေးတတ်ဘူး။ သို့သော် ကျနော်ပြောနေ တာတော့ ရောက်ရာအရပ် မှာ ပြောနေတာပဲ။ ဒီကိစ္စကိုတော့။ ဒီနှစ်တော့ ဂျာနယ်တွေကအစ နည်းနည်းပိုမေးလာတယ်။ အရင်က ကျနော်မိုးတိမ်တောင်ပြောလည်း ဘယ်သူမှ ဟုတ်တိပတ်တိ စိတ်ဝင်တစား မရှိကြဘူး။ အန္တရာယ်ရှိတယ်လို့ ထင်ပုံမရဘူး။ ကျနော့်အထင်ပြောတာ။ ဒါပေမယ့် နှစ်တိုင်း လူတရာလောက် မိုးကြိုးပစ်လို့ သေတယ်လို့ ဟောပြောပွဲတိုင်း အခွေလည်း အများကြီးထွက်တယ်။ အဲဒီအထဲမှာ ကျနော်ပြောပါတယ်။ လေဆင်နှာမောင်းတွေ နှစ်တိုင်း ၁၆ ခုလောက်ဖြစ်တယ်။ အရင်ကရှားတယ်။ အခုသိပ်ဖြစ်တယ်။ ဒါတွေလည်း ပြောပါတယ်။ ခက်တာက ဒီအလုပ်တွေက ဒီထက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့တော့ လိုသေးတယ်။ အဲဒီတော့ သိပ်နားမပေါက်သေးဘူးဆိုရင် ကျနော်တို့ဘက်ကလည်း ရှေ့တိုးလုပ်ပေါ့။ လူထုဘက်ကိုလည်း အသိပညာတွေ တက်လာအောင် အားလုံး ၀ိုင်းလုပ်ကြရမယ့် သဘောလို့ပဲ မြင်ပါတယ်။”

မုတ်သုံအခြေအနေကော ဘယ်လိုခန့်မှန်းလဲ။ အခုက နောက်ကျနေပြီဆိုတော့။

“မသိဘူးဗျ။ မိုးဦးတော့ ညံ့လိမ့်မယ်ထင်တာပဲ၊ မိုးဦးတော့ မိုးကောင်းမယ်လို့ လောလောဆယ် အနေအထားရ သိပ်မခန့်မှန်းနိုင်ဘူး။ ပင်မမုတ်သုံကြီးက ဟိုဘက်မှာ ကျနော်တို့ အနောက်ဘက်က အာရေးဗီးယားတို့၊ အိန္ဒိယ သမုဒ္ဒရာတို့မှာ ကျနော်တို့ကြည့်နေတာ၊ အီကွေတာပတ်ဝန်းကျင်ပဲ ရှိသေးတယ်။ အများကြီး နောက်ကျနေတယ်။ ကျနော်တို့ဘက်လေး တပိုင်းပဲ မိုးရွာတယ်။ တိမ်လေးတွေ တက်လာပြီးတော့ ဒါမုတ်သုံလို့ ပေးမလို့သာ ကြိုးစားနေရတာ၊ လေက အနောက်တောင်လေ ကို မတွေ့ဘူး။ မိုးရွာတာတော့ ကိုက်နေပြီ။ ၆ ရက် ၇ ရက်လောက်ရှိပြီ၊ မိုးတွေရွာတာတော့။ မွန်၊ တနင်္သာရီမှာပေါ့။ အဲဒါလေးတွေကြည့်ပြီး ဒီနေ့တော့ အချိန်က လည်း တော်တော်လွန်နေပြီ။ အခုပဲ ၁၈ ရှိနေပြီ။ အမှန်ထုံးစံက အရင်တုန်းက ၅ ရက်ဆို ၀င်ရတာလေ။ အဲဒီတော့ ၂ ပတ်ရှိပြီ။ နောက်ကျနေတာ။”

အခုလည်း ပူတဲ့နေရာတွေပူတုန်း၊ ကျနော်တို့ မိုးလေ၀သကိုလည်း မေးပါတယ်။ ဆရာ့ကိုလည်း ကျနော်မေးတယ်။ ဒီနှစ်က အပူဆုံးနှစ် ဖြစ်နိုင်လားလို့၊ ဆရာတို့က မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပြီး အခုထိတော့ အပူတွေက တော်တော်မြင့်တက်ခဲ့တာ တွေ့ရတယ်။ ဘယ်လိုကြောင့်လဲ။

“အဲဒါတော့ ကျနော်အာမခံတယ်။ အပူဆုံးနှစ်မဖြစ်ဘူး။  အပူဆုံးနှစ်က အပူချိန်တက်တာ မဟုတ်ဘူး။ အခုတက်တာ အပူနှုန်းတက်တာ၊ အပူနှုန်းနဲ့ အပူချိန်နဲ့ အမြင့်ဆုံးအပူချိန်နဲ့ နည်းနည်းကွာတယ်။ အခုဒါက မိုးကြိုဖြစ်တာ၊ မိုးကြိုက ဧပြီ ၁၅ ကစတယ်။ ဧပြီ ၁၅ ကစတော့ ကျနော်တို့ မြန်မာပြည်ကို ၀င်တဲ့နေရာ ပြောင်းသွားပြီ။ ဧပြီ ၁၅ ရှေ့တုန်းက လေကခြောက်သွေ့တဲ့လေ၊ ပူတယ်၊ ခြောက်သွေ့တယ်။ အခုလေက ပူတယ်၊ စွတ်စိုတယ်၊ ရေငွေ့ပါတယ်။ ရေငွေ့ပါတဲ့ လေဆိုတော့ လေထုရဲ့ စိုထိုင်းစ တနည်းပြောရင်တော့ ရေငွေ့ပါဝင်မှု များလာလို့ရှိရင် လူတွေခံစားရတဲ့ အပူက အပူချိန်ထက် ပိုများတယ်။ ဥပမာ အပူချိန်က ၃၈ ပဲ အမြင့်ဆုံးရှိတယ်။ ဒါပေမယ့် သူခံစားရတဲ့ အပူရှိန်က ၅၆ ရှိတယ်။ အဲဒီလိုမျိုး။ ၅၆ က free အပူချိန်မျိုး၊ မြန်မာလိုဆိုရင် ထင်ရတဲ့အပူချိန်၊ သာမိုမီတာနဲ့ တိုင်းလို့မရဘူး။ ခုနက အပူဆုံးနှစ်ဆိုတာ သာမိုမီတာနဲ့တိုင်းလို့ရတဲ့ အပူချိန်ကိုပြောတာ။ အဲဒီအပူချိန်ကတော့ ဒီနှစ်အတွက် အပူဆုံးနှစ် မဖြစ်နိုင်ဘူး။ ဒါပေမယ့် လူခံရတဲ့ အပူချိန်ကသာ ရေငွေ့နဲ့ပေါင်းပြီး တနည်းပြောရရင် မိုးနည်းလို့ ဖြစ်ရတဲ့သဘောပါ။ မိုးတွေသာ ရွာချရင် ဒီအပူချိန်က ကျသွားမယ်။ ဒါပေမယ့် မိုးမရွာဘဲ၊ ရေငွေ့နဲ့ အပူနဲ့ ရောပြီးတော့ ရောသမလုပ်နေလို့ လူတွေခံရတဲ့အပူချိန်က ၅၀ အထက်မှာပဲ ဖြစ်နေတယ်။ ကျနော်တို့ ပူတယ်လို့ ပြောနေတာ အပူရှိန်ဗျ။ စကားလုံးခွဲခြားလို့ ရအောင်လို့ ခွဲခြားသုံးပါတယ်။ ဒါပေမယ့် ပူတယ် မပူဘူးပြောတာ အပူချိန်ကို ပြောတာ။ ကျနော်တို့ တွေ့နေတာ မြန်မာတပြည်လုံး အပူချိန်တွေ နိမ့်တယ်။ ၄၀ ကျော်တာ ခပ်နည်းနည်းပဲ၊ အဲဒီတော့ ဒီနှစ်ကတော့ အပူဆုံးနှစ် မဖြစ်ပါဘူး။ အဲဒါတော့ ​သေချာတယ်။ ဒါပေမယ့် လူတော့ အန္တရာယ် သိပ်ရှိတဲ့နှစ်ပါ။ ကျနော်တို့လည်း ဗဟုသုတရတယ်။ ဒါမျိုးက တကယ်ပူတာကလည်း အန္တရာယ်ရှိသလို၊ ၂၀၁၀ တုန်းကလို လူတွေ ရုတ်တရက် ပူလို့သေရတာမျိုးထက် ဒီလိုဟာမျိုးကလည်း အန္တရာယ်ရှိတယ်။ တချို့နေရာမှာ ဆို တော်တော်ပြဿနာ တက်နေတယ်။ သောက်သုံးရေ ပြဿနာတက်နေတယ်။ တချို့နေရာမှာ ရေမရတော့ဘူး။ မိုးကမရွာဘူး။”

“ကျနော်လည်း အစတုန်းက အလေးအနက် မထားမိလိုက်ဘူး။ ဒီနှစ်မှ သေချာလေ့လာကြည့်လိုက်တဲ့ အခါမှာ အပူရှိန် အရေးကြီးတဲ့အချက်ဆိုတာ၊ ခုနောက်ပိုင်းမှာတော့ ကျနော့် ၀ဘ်ဆိုဒ်မှာလည်း တင်ပါတယ်။ နောက်ပိုင်းတော့ သတိထားရမှာပေါ့။ အရင်တုန်းက ကျနော် မိုးကြိုမှာ အရေးကြီးတဲ့အချက် ၄ ချက်လို့ပြောခဲ့တယ်။ မိုးတိမ်တောင်ရယ်၊ မုန်တိုင်းရယ်၊ မုတ်သုံဝင်တာရယ်၊ ဒါပဲပြောတယ်။ အခုနောက်ပိုင်း အပူရှိန် ကလည်း အရေးကြီးတယ်။ အသက်ဆုံးရှုံးတဲ့သူတွေလည်း ရှိတယ်။ ဟိုတလောက ဂျာနယ်မှာ ဖတ်လိုက်ရတယ်၊ လှိုင်ဘက်မှာ တက္ကစီဒရိုင်ဘာတယောက် ကားထဲမှာ အသက်ပျောက်နေတယ်။ ဧပြီလ ၂၉ ရက်နေ့ကဗျ ကျနော်မှတ်မိတယ်။ အဲ့ ၂၉ ရက်နေ့က အပူချိန် ၃၈ ပဲရှိတယ်။ အပူရှိန်က ၅၆ ဒီဂရီ စင်တီဂရိတ် ရှိတယ်။ နိုင်ငံတကာစံနှုန်းနဲ့ သတ်မှတ်မယ်ဆိုရင် အလွန်အန္တရာယ်ကြီးတဲ့ အပူရှိန်ပေါ့ဗျာ။ ဒါ ဂျာနယ်မှာပါလို့ သိလိုက်တာ။ တခြားလည်း အများကြီးရှိဦးမယ်။ ပြည်သူ့ကျန်းမာရေးအတွက်လည်း အရေးကြီးတယ်။”

ဒီနှစ်က အဲဒါ ထူးခြားသွားတာပေါ့။

“ဟုတ်တယ်ဗျ။ အဓိက မိုးမရွာလို့။ မိုးကဟုတ်မလိုလိုနဲ့ သင်္ကြန်အကြိုနေ့ထိ ရွာတယ်။ နောက် မရွာတော့ဘူး။ တချို့နေရာတွေ ရေတွေပြတ်ကုန်ပြီ။ မနေ့က ပဲခူးတိုင်းဘက်ကလှမ်းပြောတယ်။ လယ်သမားတွေ ပျိုးထောင်ထားတာ ရက်ကကြာနေပြီ။ မိုးမရွာတော့ ဘယ်လိုလုပ်ရမယ် မသိဘူး ဖြစ်နေကြ တယ်။ ဧရာဝတီတိုင်းဆိုလည်း သောက်သုံးရေ မရှိဘူး။ အကုန်ပြတ်လပ်ကုန်ပြီ။ ပုသိမ်ဘက်မှာလည်း ရေအခက်အခဲတွေ ဖြစ်နေတယ်။ အခု ၅ ခုဖြစ်နေတယ်။ အပူရှိန်ရယ်၊ မိုးတိမ်တောင်ရယ်၊ မုန်တိုင်းရယ်၊ မုတ်သုံဝင်တာရယ်၊ သောက်သုံးရေနဲ့ စိုက်ပျိုးရေ လျော့နည်းတာ ရယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013