
ရခိုင်အရေးကိစ္စနဲ့ပတ်သက်လို့ လူမျိုးစုရှင်းလင်းမှု၊ လူမျိုးသုဉ်းသတ်ဖြတ်မှုစကားလုံးတွေ သုံးနှုန်းနေကြတာနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ပြောသွားတာဖြစ်ပြီး မြန်မာပြည်ရဲ့ အခြေအနေဟာ အရမ်းရှုပ်ထွေးလို့ ပြင်ပကလူတွေအတော်များများ နားလည်သဘော မပေါက်နိုင်ဘူး၊ အစိုးရအနေနဲ့ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းပဋိပက္ခတွေအပြင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ တိုင်းရင်းသားအရေးနဲ့ လူအုပ်စုတွေအကြား ကွဲပြားမှုကို အမွေဆက်ခံခဲ့ရ တယ်လို့ပြောပါတယ်။
ရခိုင်ပြည်နယ် အခြေအနေအပေါ်မှာ ကမ္ဘာက အာရုံစိုက်နေခဲ့ကြတာဟာ မီဒီယာတွေက အထူးဖြင့် ဘာသာရေးကိစ္စအဖြစ် အဆက်မပြတ်ဖော်ပြနေကြလို့ဖြစ်တယ်၊ ဒါပေမယ့် ဒါဟာ နိုင်ငံရေးနဲ့ စီးပွားရေးကိစ္စတွေပါဝင်တဲ့ ရွှေ့ပြောင်းနေထိုင်မှု၊ အကန့်အသတ်နဲ့ရှိနေတဲ့ အရင်းအမြစ်တွေပေါ်မှာအားပြိုင်မှု၊ ဆင်းရဲမွဲတေမှုနဲ့ တရားဥပဒေစိုးမိုးမှုကိစ္စ တွေကြောင့်ဖြစ်တယ်၊ မကြာခင်ကတော့ ဒီကိစ္စဟာ လူအုပ်စုအချင်းချင်းဖြစ်တဲ့ ပဋိပက္ခ အဖြစ်ကနေ နိုင်ငံရဲ့လုံခြုံရေးနဲ့ အကြမ်းဖက်မှု ပြဿနာအဖြစ် ပြောင်းလဲဖြစ်ပေါ် လာတယ်လို့ ၀န်ကြီး ဦးကျော်တင်ကပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုကြောင့် နေအိမ်တွေ စွန့်ခွာထွက်ပြေးခဲ့ကြရတဲ့ ဒိုင်းနက်၊ သက်၊ မရမာကြီးနဲ့ ရခိုင်တိုင်းရင်းသား လူနည်းစုတွေအကြောင်း မီဒီယာတွေက နည်းနည်းပဲ သတင်းဖော်ပြကြတယ်လို့လည်း ပြောသွားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး ဇအစ်ရာဒ်အယ်လ်ဟူစိန်ကတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းဟာ မျက်မှောက်ခေတ် လူ သားသတ်ရုံတချို့ထဲက အလျှင်မြန်ဆုံး ပေါ်ထွက်လာတဲ့ သားသတ်ရုံဖြစ်လာနေပြီလို့ ဖေဖော်ဝါရီ ၂၆ ရက် လူ့အခွင့်ရေးကောင်စီ အစည်းအဝေးအဖွင့် မိန့်ခွန်းမှာပြောသွားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်ကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းကို အကြိမ်အတော်များများသွားရောက်ခဲ့တဲ့ အတွေ့အကြုံအရ ရိုဟင်ဂျာတွေဟာ ပြီးခဲ့တဲ့နှစ် ပဋိပက္ခတွေ မဖြစ်ခင်ကတည်းက ကမ္ဘာမှာ ခွဲခြားဆက်ဆံ အခံရဆုံး လူတွေထဲက တခု ဖြစ်တယ်လို့ ပြောသွားပါတယ်။
ဓာတ်ပုံ-UNHRC











