
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်း နဘဲပင်လှရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က မေ ၁၂ ရက်မှာ ဗုံးကြဲတိုက်ခိုက်လို့ သံဃာတပါးအပါ ၂ ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဂျက်ဖိုက်တာတစီးနဲ့ နေ့လယ်ပိုင်းမှာ ပေါင် ၂၅၀ ဗုံး ၂ လုံးနဲ့ လေကြောင်းတိုက်ခိုက်လို့ ကိုရင်ကြီးတပါးနဲ့ အရပ်သားတယောက် မစိုးရိမ်ရဒဏ်ရာ ရတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ပစ်သွားတာက ဘုန်းကြီးကျောင်းကို ပစ်သွားတာ။ ဘုန်းကြီးကျောင်း ပျက်စီးသွားတယ်” လို့ DVB ကို ပြောပါတယ်။
လေကြောင်းတိုက်တဲ့နေရာဟာ မြေပြင်စစ်ကြောင်းမရှိ၊ တိုက်ပွဲဖြစ်တာမရှိတဲ့ သာသနာ့နယ်မြေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒေသခံတယောက်က “ကျနော်တို့ အညာဒေသမှာ ဖိုက်တာတွေက ခေါင်းပေါ်မှာပဲ တဝီဝီသွားနေတဲ့ အခါကျတော့ ဗုံးခိုကျင်းကို ခိုင်ခိုင်မာမာ တည်ဆောက်ပြီးတော့ပဲ ဖြေရှင်းလို့ပဲ ရမယ်လေ။ သူတို့ကို ခုခံရမဲ့ လက်နက်ခဲယမ်းက မရှိတဲ့အခါကျတော့ သူတို့ ပြန်သွားလည်း ပုန်းပြီး ကြည့်နေရုံပဲ ရှိတယ်” လို့ ပြောပါတယ်။
ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်း နဘဲပင်လှရွာအနီးကို လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတွေ လေကြောင်းသတိနဲ့ နေထိုင်ကြဖို့ ဝက်လက် ပကဖ က အသိပေး ထုတ်ပြန်ထားပါတယ်။










