မြို့ဝင်ဘီးခွန်များတိုးဂိတ်များက ပေါင်းကောက်ခံရာမှ ခွဲထုတ်၍ ကောက်ခံမည်
DVB
·
February 28, 2018

ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ မြို့ဝင်ဘီးခွန်တွေကို တိုးဂိတ်ကပေါင်းပြီး ကောက်ခံနေရာကနေ ခွဲထုတ်ပြီး ပြန်လည်ကောက်ခံဖို့ ဝမ်းတွင်းစည်ပင်မှာ ဖေဖော်ဝါရီ ၂၇ ရက် မနက်က လေလံတင် ရောင်းချတယ်လို့ မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးစံမင်းအောင်က ပြောပါတယ်။
“မန္တလေးတိုင်းဒေသကြီးထဲက ၂၂ မြို့နယ် မြို့ဝင်ဘီးခွန် လေလံပစ်ပါတယ်။ ရန်ကုန်-မန္တလေး လမ်းဟောင်းကတော့ အရင်က သော်တာဝင်းကုမ္ဖဏီက တိုးဂိတ်မှာ ပေါင်းကောက်တယ်။ အခုတော့ တိုးဂိတ်တွေ မပေးတော့ဘဲ လေလံပစ်တာပါ။ ပြည်ထောင်စုဝန်ကြီးရဲ့ ညွှန်ကြားချက်အရ လုပ်ပါတယ်။ ကြမ်းခင်းဈေး သိန်း ၆၅၀ သတ်မှတ်တယ်။ လေလံအောင်တာက ကျပ်သိန်း ၂၂၅၅၇၀၀၀၀ နဲ့ ရသွားတယ်။ ၆လတာ ဘတ်ဂျက်အတွက် လေလံရတာပေါ့။ သော်တာဝင်းကို ပေးစဉ်က တနှစ်လုံးအတွက် သိန်း ၄၁၀ ကျော်နဲ့ ပေးခဲ့တယ်။ အများကြီး တက်သွားတယ်။”
မြို့ဝင်ဘီးခွန်အနေနဲ့ ဆိုင်ကယ် ၅၀ ကျပ်၊ ၁ တန်အောက်ယာဉ် ၁၀၀ ကျပ်၊ ၁ တန်နဲ့ ၃ တန်ကြား ၂၀၀ ကျပ်၊ ၃ တန်နဲ့ ၅ တန်ကြား ၃၀၀ ကျပ်၊ ၅ တန်အထက် ၅၀၀ ကျပ် ကောက်ခံဖို့ သတ်မှတ်ထားပါတယ်။ လေလံဆွဲသူ ၁၄ ဦးရှိပြီး ၃ ကြိမ် လေလံပစ်ပြီး အတည်ပြုခဲ့ပါတယ်။
ဒေသခံ ကိုလှမြင့်က “အခုလို မြို့ဝင်ဂိတ်တွေ ထားပြီး ဘီးခွန်ကောက်တာ လုံခြုံရေးအရ လိုအပ်တဲ့အခါ စောင့်ကြည့်ရတာ လွယ်ကူမယ်။ ခရီးသွားကားတွေအတွက် ကြန့်ကြာတတ်တယ်။ ကောက်ခံတဲ့အခါ စကားများရင် အငြင်းအခုံဖြစ်ရင် ကားတွေ ပိတ်သွားတတ်တယ်။ အဆိုး အကောင်း ဒွန်တွဲနေတယ်”လို့ ပြောပါတယ်။
ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ ၂၄ နာရီအတွင်း ပျမ်းမျှအနေနဲ့ ကုန်တင်ကားကြီး ၁၂၀၀ လောက်နဲ့ ကားငယ်၊ ကားလတ် ၂၅၀၀ ကျော်လောက် ဖြတ်သန်းနေပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)