DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးဆွေးနွေးပွဲ ရှေ့မတိုးနောက်မဆုတ်နိုင်ဖြစ်နေဟု အစိုးရပြော
DVB
·
February 28, 2018
နိုင်ငံရေးဆွေးနွေးပွဲ ရှေ့မတိုးနောက်မဆုတ်နိုင်ဖြစ်နေဟု အစိုးရပြော
Donate to DVB

 

ရှေ့မတိုးနိုင်၊ နောက်မဆုတ်နိုင်ဖြစ်နေရတဲ့ အနေအထားကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကြံ့ကြာနေအုံးမယ်ဆိုရင် တိုင်းရင်းသားပြည်သူတွေရဲ့ မျှော်လင့်ချက် မှေးမှိန်နေအုံးမှာဖြစ်တယ်လို့  ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ (၁၄)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးမှာ (UPDJC) ဒု ဥက္ကဋ္ဌ  ဦးကျော်တင့်ဆွေက  ပြောခဲ့တာပါ။

“ညီလာခံကျင်းပနိုင်ခြင်းမရှိဘဲ ရပ်တန့်နေမှုဟာ နိုင်ငံရေးဆွေးနွေးပွဲတွေကို အဓိက တာဝန်ယူတဲ့ ကျနော်တို့ UPDJCနဲ့ တိုက်ရိုက်သက် ဆိုင်နေပါတယ်။ ရှေ့မတိုးနိုင်၊ နောက်မဆုတ်နိုင်ဖြစ်နေရတဲ့ အနေအထားကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကြံ့ကြာနေအုံးမယ်ဆိုရင် ကျနော်တို့နိုင်ငံနဲ့ ကျနော်တို့ တိုင်းရင်းသားပြည်သူတွေရဲ့ မျှော်လင့်ချက်တွေဟာ မှေးမှိန်နေအုံးမှာပဲဖြစ်ပါတယ်၊ ကျနော်တို့ကြားမှာ ဆွေးနွေးမှုတွေရပ်ဆိုင်းသွားတာနဲ့အမျှ နားလည်မှုနဲ့ ယုံကြည်မှုတွေ လျော့ပါးသွားစေမယ့် အဖြစ်မျိုးတွေ မဖြစ်ပွားစေဖို့ လည်း အားလုံးက သတိပြုကြဖို့လိုပါတယ်။”

UPDJC အစည်းအဝေးမှာ အစည်းအဝေး အစီအစဉ်တွေကို အတည်ပြုခြင်း၊ မွန်ပြည်သစ် ပါတီ (NMSP)နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့  အန်စီအေမှာ ပါဝင် လက်မှတ်ရေးထိုးခဲ့မှုကိုတင်ပြခြင်း၊ UPDJC ပြင်ဆင် ဖွဲ့စည်းရေး ကိစ္စ၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီတွေပြင်ဆင်ဖွဲ့စည်းရေးကိစ္စ၊ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပရေးကိစ္စနဲ့ လူထုတွေ့ဆုံပွဲကိစ္စ စတာတွေ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

မကြာသေးခင်ကလည်း ကေအန်ယူခေါင်းဆောင်  ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက  နိုင်ငံရေးဆွေးနွေးပွဲတွေ ရှေ့မတိုး နောက်မဆုတ်ဖြစ်တယ်လို့ ထုတ်ပြောထားပါတယ်။

လတ်တလောမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/ SSA) ရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ တစ်ဆို့နေပြီး  ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP) ရဲ့ နိုင်ငံရေးဆွေးနွေးပွဲလည်း မလုပ်နိုင်ဘဲ ဖြစ်နေပါတယ်။

အန်စီအေမှာ  ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KPC)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စတဲ့ တပ်ဖွဲ့ ၈ ဖွဲ့က ၂၀၁၅ ခုနှစ်မှာ ပါဝင်လက်မှတ်ထိုးခဲ့ကြပါတယ်။

မွန်ပြည်သစ်ပါတီ (NMPS)နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ကတော့ ၂၀၁၈ ဖေဖော်ဝါရီ ၁၃ ရက်ကမှ ပါဝင်လက်မှတ်ထိုးခဲ့တာဖြစ်ပြီး အခုအခါ အန်စီအေစာချုပ်မှာ  တိုင်းရင်းသားတပ်ဖွဲ့ ၁၀ ဖွဲ့ လက်မှတ်ထိုးပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013