DVB Logo
Home
မြန်မာသတင်း
သီးခြားငွေစာရင်း Other Account ပြည်ပ၌ ဖွင့်ထားခြင်းမရှိဟု စီမံဘဏ္ဍာ ဒု-ဝန်ကြီး ပြော
DVB
·
February 27, 2018
သီးခြားငွေစာရင်း Other Account ပြည်ပ၌ ဖွင့်ထားခြင်းမရှိဟု စီမံဘဏ္ဍာ ဒု-ဝန်ကြီး ပြော
Donate to DVB

အစိုးရဝန်ကြီးဌာနတွေရဲ့ သီးခြားငွေစာရင်း (Other Account) တွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပုံမှန်စစ်ဆေးနေပြီး ပြည်ပမှာ ငွေစာရင်း ဖွင့်လှစ်ထားတာ မရှိဘူးလို့  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ Other Account နဲ့ ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

Other Account ရငွေတွေဟာ ပြည်ထောင်စုရဲ့ အရသုံးငွေစာရင်းထဲမှာ ရေးဆွဲထားတာဖြစ်လို့ ဘတ်ဂျက်ထဲမှာပါဝင်ပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ ပုံမှန်စစ်ဆေးမှုကိုလည်း ခံယူရတယ်လို့ ဆိုပါတယ်။

ဒု-ဝန်ကြီး ဦးမောင်မောင်ဝင်းက “စီးပွားရေး အဖွဲ့အစည်းများရဲ့ ငွေစာရင်းများဟာ ပုံမှန် ဘတ်ဂျက်လုပ်ငန်းတွေမှာ မဖြတ်သန်းရတဲ့အပြင် လွှတ်တော်က ထိန်းကျောင်းခြင်း မရှိသေးပါဘူးဆိုတဲ့ စွပ်စွဲချက်ဟာ မှန်ကန်ခြင်းမရှိပါကြောင်း တင်ပြအပ်ပါတယ်။ ထိုငွေစာရင်းများသည် ပြည်ထောင်စုဘဏ္ဍာငွေထဲ မရောက်လာကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ ပုံမှန်စစ်ဆေးမှုကိုလည်း ခံယူရပါကြောင်း၊ ပြည်တွင်းငွေ ဘဏ္ဍာပိုင်ဖြစ်သည့် MEB ထဲသာ ဖွင့်လှစ်ရပြီး ပြည်ပတွင်လည်း ဖွင့်လှစ်ထားခြင်း မရှိပါကြောင်း ရှင်းလင်းတင်ပြအပ်ပါသည်” လို့ ပြောပါတယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ၂၀၁၈ ခုနှစ် ၆ လ ဘတ်ဂျက်ကစပြီး သာမန် ငွေလုံးငွေရင်းနဲ့ ကြွေးမြီအသုံးစရိတ်အားလုံးကို Other Account စာရင်းကနေ သုံးစွဲသွားမှာဖြစ်ပြီး စာရင်းစစ်ဆေးပြီး လက်ကျန်စာရင်း ကျပ် ၅ ထရီလီယံကျော် ရှိတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒု-ဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောပါတယ်။

“နှစ်စဉ် စာရင်းစစ်ချုပ်ရုံးက စစ်ဆေးပြီးတဲ့အခါမှာ ငွေစာရင်းထဲမှာ ငွေသားတွေဟာ တနှစ်ပြီးတနှစ် တိုးလာတဲ့အတွက်ကြောင့် ပေါ်ပေါက်လာတဲ့ငွေတွေက စာရင်းစစ်ဆေးပြီးတဲ့ ငွေလက်ကျန်စာရင်းများ ဖြစ်ကြောင်း တင်ပြပါတယ်။ ငွေစာရင်းထဲမှာရှိတဲ့ ငွေသားတွေဟာ MOGE အနေနဲ့ သီးခြားလွတ်လပ်စွာ ထိန်းချုပ်ထားနိုင်တဲ့ ငွေစာရင်း မဟုတ်ပါကြောင်းလည်း မြန်မာ့စီးပွားရေးဘဏ်ခွဲမှာ အပ်နှံထားတဲ့ ငွေသားများလည်း ဖြစ်ပါတယ်။ အဆိုပါငွေစာရင်းထဲမှာရှိတဲ့ ဘတ်ဂျက်ရန်ပုံငွေတွေကို MOGE အနေနဲ့ လွတ်လပ်စွာ ထုတ်ယူသုံးစွဲခွင့် မရှိဘဲနဲ့ နှစ်စဉ် အခြားအစိုးရဌာနများကဲ့သို့ စီမံဘဏ္ဍာဝန်ကြီးဌာနကနေတဆင့် MOGE အနေနဲ့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီးမှ ထုတ်ယူသုံးစွဲရတဲ့ ငွေများဖြစ်ပါကြောင်း။”

သီးခြားငွေစာရင်း Other Account တွေ ဖျက်သိမ်းတာ၊ မဖျက်သိမ်းတာကတော့ အစိုးရရဲ့ သဘောထား ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒု-ဥက္ကဋ္ဌက ပြောပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုရဲ့ စုစုပေါင်းရငွေ ကျပ် ၁၆၆၀၅ ဘီလီယံမှာ Other Account က ရငွေ ကျပ် ၄၃၇၃ ဘီလီယံ ပါဝင်သလို စုစုပေါင်းသုံးငွေ ကျပ် ၂၀၅၉၄ ဘီလီယံမှာလည်း Other Account ကနေ အသုံးစရိတ် ကျပ် ၃၅၃၂ ဘီလီယံ ပါဝင်တယ်လို့ ဒု-ဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုပါတယ်။

မကြာသေးခင်ကမှ လွှတ်တော်သို့ အစိုးရက တင်သွင်းထားတဲ့ ၂၀၁၈ ဘတ်ဂျက်မှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၂၅ ခုရှိ Other Account (OA) သီးခြားငွေစာရင်းမှာ အမေရိကန်ဒေါ်လာ ၉ ဘီလီယံ ရှိနေကြောင်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013