DVB Logo
Home
မြန်မာသတင်း
စစ်တွေ မိုင်းပေါက်ကွဲမှု သံသယရှိသူ ၄ ဦးကို တရားရုံးတွင် ချုပ်ရမန်ယူ
DVB
·
February 26, 2018
စစ်တွေ မိုင်းပေါက်ကွဲမှု သံသယရှိသူ ၄ ဦးကို တရားရုံးတွင် ချုပ်ရမန်ယူ
Donate to DVB

 

ရခိုင်ပြည် စစ်တွေမြို့မှာ မိုင်းပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ဖမ်းဆီးခံထားရတဲ့ သံသယရှိသူ ၄ ဦးကို လာမယ့်မတ် ၁၂ ရက်နေ့အထိ ချုပ်ရမန် ယူလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ယောက် အပါအဝင် အုပ်ချုပ်ရေးမှူးဟောင်း တစ်ယောက်နဲ့ အရပ်သား နှစ်ယောက်တို့ကို စစ်တွေမြို့မရဲစခန်းမှာ ဖမ်းဆီးထားတာပါ။

ဒီကနေ့ နေ့လယ် ၃ နာရီက စစ်တွေမြို့နယ်တရားရုံးမှာ သူတို့ ၄ ဦးကို မတ် ၁၂ ရက်နေ့ အထိ စစ်ဆေးမေးမြန်းဖို့ ချုပ်ရမန်ယူလိုက်တာလို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။

ကိုနိုင်စိုးနဲ့ ညီမတော်စပ်သူ မချစ်အိလှိုင်က “၃ နာရီကျော်လောက်က ညီမတို့က စားစရာတွေသွားပို့အချိန်မှာ ခဏနေမှ လာဖို့ ရဲတွေက ပြောတယ်။ သူတို့က ရုံးထုတ်တော့မယ်လို့ ချက်ချင်းကြီးပြောပါတယ်။ ၁၀ မိနစ်လောက်နေတာနဲ့ သူတို့ကို ရုံးထုတ်သွားတယ်။ တရားရုံးရောက်တာနဲ့ နောက်လ ၁၂ ရက်နေ့အထိ ရမန်ယူပါတယ်”လို့ ပြောပါတယ်။

ကိုနိုင်စိုးဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နေသူတဦးဖြစ်တယ်လို့လည်း မိသားစုဝင် မချစ်အိလှိုင်က ပြောပါတယ်။

“ကိုနိုင်စိုးက ငြိမ်းချမ်းရေး ဖြစ်စဉ်တွေလုပ်နေတာပါ။ NCA လက်မှတ်ထိုးဖို့အတွက် ပါဝင်လှုပ်ရှားနေတဲ့ လူငယ်တယောက်ပါ။ ငြိမ်းချမ်းရေးဖြစ်စဉ် လုပ်နေတဲ့ ဒီလူငယ်တယောက် ဖောက်ခွဲရေး လုပ်မလားဆိုတာ သေချာစဉ်းစားစေချင်ပါတယ်”လို့ ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်သိန်းက “ကျနော်တို့သိရသလောက်ကတော့ စစ်တွေ မြို့နယ်တရားရုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)(ဈ)နဲ့ ရမန်ယူတယ်လို့ ကျနော်သိရတယ်။ လာမယ့် ၁၂ ရက်နေ့အထိပေါ့နော်။ သူတို့ကို ကျနော်ကတော့ တွေ့ခွင့်မရဘူး။ သူတို့ လောလောဆယ်စစ်ဆေးတုန်းပဲလို့ပြောတယ်။”

အခုလိုခေါ်ယူစစ်ဆေးနေတဲ့ အကြောင်းရင်းကို သိရဖို့ စစ်တွေမြို့ မရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရခဲ့ပါဘူး။

ဖမ်းဆီးခံ ကိုနိုင်စိုးဟာ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်သလို ရခိုင်အမျိုးသား ကောင်စီ (ANC) ဗဟိုကော်မတီဝင်လည်းဖြစ်ပါတယ်။ အခြားသုံးဦးကတော့ ကိုသန်းရွှေ၊ ကိုရွှေထွန်းအောင်နဲ့ ဦးမောင်ဦးမြင့်တို့ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖေဖော်ဝါရီ ၂၄ရက်က ဒေသန္တရ မိုင်းသုံးလုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အခုလို လူ(၄)ယောက်ကို ပထမဆုံး ခေါ်ယူစစ်ဆေးနေတာ ဖြစ်ပြီး ဒီပေါက်ကွဲမှုနဲ့ ဆက်စပ်မှုရှိမရှိကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

သတင်း-ဓာတ်ပုံ- ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013