
ကချင်ပြည် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီး ရွှေမဉ္ဇူ ရေလယ်ဘုရားပွဲတော်တွင်း စက်လှေတိမ်းမှောက်မှုမှာ ရေနစ်သေဆုံးခဲ့တဲ့ ကျောင်းသား/သူအလောင်းတွေကို ဒီနေ့ မနက်ပိုင်းက ဆယ်ယူရရှိခဲ့တယ်လို့ မိုးညှင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
ဖြစ်စဉ်မှာ လုံးစန့် အထက်တန်းကျောင်းခွဲမှ အလယ်တန်းပြဆရာမ ဒေါ်သန်းသန်းစိုး ဦးဆောင်တဲ့ ၈ တန်းကျောင်းသား/သူ ၁၆ ယောက် အဖွဲ့ဟာ ဖေဖော်ဝါရီ ၂၅ ရက် ည ၇ နာရီလောက်က ဘုရားဖူးအပြန် နန့်မီးလောင်ကျေးရွာအနီး စက်လှေတိမ်းမှောက်ခဲ့တာပါ။
ငါးဖမ်းလှေတွေ ကယ်ဆယ်ခဲ့လို့ စက်လှေမောင်း ဦးမောင်ဦး၊ ဆရာမ ဒေါ်သန်းသန်းစိုး၊ မောင်ဝင်းကျော်ခိုင်၊ မောင်ခန့်ဝင်းအောင်။ မောင်စိုးထက်အောင်၊ မမိုးမိုးစန္ဒာအောင်၊ မမိုးပွင့်ဖြူ၊ မငြိမ်းစုထွန်း မနှင်းအိခိုင်တို့ ၉ ဦး ကို ကယ်တင်နိုင်ခဲ့ပါတယ်။
စက်လှေတိမ်းမှောက်ချိန်ဟာ လေပြင်းတိုက်ပြီး လှိုင်းထန်နေတဲ့အပြင် မြူတွေ ပိတ်နေတဲ့အတွက် ဒီနေ့ မနက်ပိုင်းမှ သက်ဆိုင်ရာအဖွဲ့တွေ စက်လှေ ၃ စီးနဲ့ ရှာဖွေခဲ့ရာ ရေအနက် ပေ ၃၀ ကျော်အောက်မှာ တွေ့ရှိဆယ်ယူခဲ့တာပါ။
ပျောက်ဆုံးနေသူ မသဲသဲငို၊ မပြည့်ဖူးသော်၊ မအိအိမွှေး၊ မမျိုးသန္တာထွန်း၊ မအိဖြိုးနိုင်၊ မမိုးမြင့်သူ၊ မောင်အောင်မျိုးဝင်း၊ မအေးမြတ်နိုးသူ၊ မနွယ်နွယ်ဝင်း တို့ရဲ့ ၉ ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
သေဆုံးတဲ့ ကျောင်းသားတွေကို လုံးတုံဒေသ သဒ္ဒါဓိက လူမှုကူညီရေးအသင်းနဲ့ စေတနာရှင် လူမှုကူညီရေးအသင်းတို့မှ လုံးစန့်ကျေးရွာထိ ပို့ဆောင်ပေးခဲ့ကြပါတယ်။ ကျောင်းသားတွေဟာ ၈ တန်းစာမေးပွဲကို ဖေဖော်ဝါရီ ၂၆ မှာ ဖြေဆိုဖို့ တစ်ဘာသာ ကျန်နေသေးပါတယ်။
စက်လှေမောင်း ဦးမောင်ဦးကို (ပ)၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၀/၃၀၄(က) အရ လုံးတုံ နယ်မြေရဲစခန်းမှူးဗျက်ဆန်းက အရေးယူဆောင်ရွက်နေတယ်လို့ သတင်းရရှိပါတယ်။
သတင်း - ခင်သန်းညွန့်











