DVB Logo
Home
မြန်မာသတင်း
စာသင်ကျောင်းအနီး အရက်၊ ဘီယာဆိုင်များကို စိစစ်ပိတ်သိမ်းမည်ဟု နယ်လုံဝန်ကြီးပြော
DVB
·
February 26, 2018
စာသင်ကျောင်းအနီး အရက်၊ ဘီယာဆိုင်များကို စိစစ်ပိတ်သိမ်းမည်ဟု နယ်လုံဝန်ကြီးပြော
Donate to DVB

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေပတ်ဝန်းကျင် ကိုက် ၁၀၀ အတွင်းမှာ ဖွင့်လှစ်ထားတဲ့ ဘီယာဆိုင်၊ အရက်ဆိုင်တွေကို စိစစ်ပိတ်သိမ်းသွားမယ်လို့ ရန်ကုန်တိုင်း နယ်လုံဝန်ကြီးက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေအနီးမှာ ဖွင့်လှစ်ထားတဲ့ ဘီယာဆိုင်၊ အရက်ဆိုင်တွေဟာ ပတ်ဝန်းကျင် ပြည်သူလူထုနဲ့  စာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူတွေကိုပါ အနှောင့်အယှက် ဖြစ်စေတာကြောင့် ဒီဆိုင်တွေကို စိစစ်အရေးယူဖို့ အစီအစဉ် ရှိ၊ မရှိကို ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ် ဦးရန်ရှင်းက မေးခွန်းထုတ်ခဲ့တဲ့အပေါ် ရန်ကုန်တိုင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြန်လည် ဖြေကြားခဲ့တာပါ။

“ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းအနားမှာရှိတဲ့ ကိုက် ၁၀၀ အတွင်း ဆိုင်တွေကို စိစစ်ပြီးမှ ဆိုင်ဖွင့်ခွင့်ပေးဖို့ ဆက်လက်စိစစ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖြေကြားပါတယ်။ အရက်ပုန်းဆိုင်တွေနဲ့ပတ်သက်ရင်လည်း ရဲတပ်ဖွဲ့နဲ့ အမြဲမပြတ် ဆောင်ရွက်လျက်ရှိပါတယ်။ တရားမဝင် အရက်ပုန်းဆိုင်တွေနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ရပ်ကွက်တွေက သတင်းပေး တိုင်ကြားလာရင် ချက်ချင်း အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

လက်ရှိမှာ ယစ်မျိုးခွန်လိုင်စင်ကို ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင်ပြီး နယ်ပယ်စုံက တာဝန်ရှိသူတွေ ပါဝင်တဲ့ ယစ်မျိုးခွန်ကြီးကြပ်ရေးကော်မတီတွေ ဖွဲ့စည်းထားပြီး ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့ တရားမဝင် အရက်ပုန်းဆိုင်တွေကို ပိတ်သိမ်းသွားမှာပါ။

ယစ်မျိုးနည်းဥပဒေ ၂၂ မှာ အရက်ဆိုင်တွေဟာ အရက်သောက်သုံးသူများ ဝင်ထွက်သွားလာခြင်း မပြုနိုင်အောင် မဖြစ်စေရလို့ ပြဋ္ဌာန်းထားပြီး  အများပြည်သူ ရှုမြင်ရန် မသင့်တော်သည့် နေရာတွေ၊ သောက်သုံးသူအနီး ဖြတ်သန်းသွားလာသူတို့ကို အနှောင့်အယှက် ဖြစ်စေမယ့် နေရာတွေ၊ ဈေး၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရားဝတ်ပြု ပူဇော်ရာ အနီးနေရာတွေမှာ ရောင်းချခြင်း မရှိစေရလို့ ပြဋ္ဌာန်းထားပါတယ်။

မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက “အခုအခါမှာ လူသတ်မှု၊ ပြင်းထန်ထိခိုက်နာကျင်စေမှု အစရှိတဲ့ ရာဇဝတ်မှုတွေ၊ မကြားဝံ့မနာသာ အဓမ္မမှုတွေ စတဲ့ ရာဇဝတ်ပြစ်မှုကြီးတွေ ကျူးလွန်မှုတွေကို ဖတ်ရှုတဲ့အခါမှာ အများစု အားလုံးနီးနီးဟာ အရက်သေစာ သောက်စားမူးယစ်ပြီးမှ မူလစိတ်တွေ ပြောင်းသွားပြီး ရိုင်းစိုင်းကျူးလွန်မိတဲ့ အကြောင်းမျိုးတွေ ဖတ်ရှုသိရှိနေရပါတယ်။ အဲဒါကြောင့် တရားဝင် ယစ်မျိုးလိုင်စင်ရ ဆိုင်တွေရော၊ တရားမဝင် အရက်ပုန်းဆိုင်တွေကိုပါ သေချာထိန်းချုပ်နိုင်မယ်ဆိုရင် မှုခင်းများ၊ မကြားဝံ့မနာသာ ရာဇဝတ်မှုများကို သိသာစွာ ကျဆင်းသွားအောင် တားမြစ်နိုင်မှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ မရမ်းကုန်းမြို့ယ်အတွင်းက စာသင်ကျောင်းပတ်ဝန်းကျင်မှာရှိတဲ့ ဘီယာဆိုင်၊ အရက်ဆိုင်တွေကို ပိတ်သိမ်းပေးဖို့ မေးခွန်းမေးမြန်းခဲ့ပြီး လက်ရှိမှာတော့ ဒီဆိုင်တွေကို ပိတ်သိမ်းဖို့ ဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013