DVB Logo
Home
မြန်မာသတင်း
စိန်ခေါ်မှု အများဆုံးကာလရောက်နေ၊ နိုင်ငံတကာအကူအညီများ ပိုလိုအပ်ဟု အတိုင်ပင်ခံပြော
DVB
·
February 26, 2018
စိန်ခေါ်မှု အများဆုံးကာလရောက်နေ၊ နိုင်ငံတကာအကူအညီများ ပိုလိုအပ်ဟု အတိုင်ပင်ခံပြော
Donate to DVB

မြန်မာနိုင်ငံဟာ သမိုင်းတလျှောက် စိန်ခေါ်မှု အများဆုံးကြုံရတဲ့ အချိန်ကာလကို ရောက်နေပြီး နိုင်ငံတကာ အကူအညီတွေ အရင်ထက်ပိုလိုအပ်နေတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီနေ့ နေပြည်တော်မှာလုပ်တဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ထိရောက်မှုနဲ့ ပတ်သက်လို့ ပထမဦးဆုံး ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။

“မြန်မာနိုင်ငံအနေနဲ့ အရင်ထက်ပိုပြီး အခု လိုအပ်နေတာကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေဆီက အကူအညီများပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အခုအချိန်မှာ စိုးရိမ်ပူပန်စရာကောင်းတဲ့ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒီစိန်ခေါ်မှုတွေဟာ စိုးရိမ်စရာ အခြေအနေ ပိုဖြစ်လာလေလေ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ချိတ်ဆက်ဆောင်ရွက်မှုကို လေးနက်အားကောင်းအောင်လုပ်ဖို့ ပိုပြီး လိုအပ်လာလေလေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံကို ပေးအပ်ထားတဲ့ အကူအညီတွေ များတာကိုကြည့်ပြီး အံ့အားသင့်ရတယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံက ပြောပါတယ်။

“ဒီနေ့ တက်ရောက်လာကြသူတွေကို ကြည့်ပြီး မြန်မာနိုင်ငံကို ပေးအပ်ထားတဲ့ အကူအညီတွေ ဘယ်လောက်များတယ်ဆိုတာ တွေ့လိုက်ရတော့ ကျမ အံ့အားသင့်ရပါတယ်။ မြန်မာနိုင်ငံမှာ အတားအဆီး အခက်အခဲတွေ ရှိနေတဲ့အချိန်မှာ ပြုပြင်ပြောင်းလဲရေးသမားတွေက ရှေ့ဆက်တိုးဖို့ လှုံ့ဆော်အားပေးလေ့ ရှိပါတယ်။ နိုင်ငံတကာ အဆက်အသွယ် နှစ်ပေါင်းများစွာ ဖြတ်တောက်ထားခြင်း ခံခဲ့ရတဲ့အချိန်မှာ တချို့ တိုးတက်မှု ဆုတ်ယုတ်ခဲ့ရတဲ့ ကျမတို့ရဲ့ ဌာန၊ အဖွဲ့အစည်းတွေကို ပြန်လည်အသက်ဝင်လာဖို့ အားအင်တွေ ဖြည့်ပေးတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကူအညီတွေဟာ တခါ တခါ အရေးပါပြီး အားရစရာကောင်းတဲ့ အခန်းကဏ္ဍမှာ ရှိနေတာ ဖြစ်ပါတယ်။”

ပြီးတော့ ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ ဖွံ့ဖြိုးမှု မိတ်ဖက်တွေအနေနဲ့လည်း ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းရေးအဖွဲ့ (DACU) က ထုတ်ပြန်ထားတဲ့ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာ မူဝါဒအတိုင်း လိုက်နာဆောင်ရွက်ကြဖို့၊ ပုံမှန်တွေ့ဆုံဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ နယ်ပယ်အစုံမှာ စိန်ခေါ်မှုတွေ ကြုံတွေ့နေရပြီး ပြည်သူတွေက မျှဝေတဲ့ အတွေ့အကြုံတွေအရ အဓိကအချက်ဟာ ဆင်းရဲနွမ်းပါးမှုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးတော့ ဖွံ့ဖြိုးမှုမိတ်ဖက်တွေကို ဘဏ္ဍာရေးအရင်းအမြစ်နဲ့ နည်းပညာအကူအညီအတွက် သာမက တခါတရံမှာ အားပေးလှုံ့ဆော်ပေးဖို့အတွက်လည်း အားကိုးလိုတယ်လို့ ပြောပါတယ်။

ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေးတွေမှာ စုစည်းပါဝင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာပုဂ္ဂလိက အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ ပြည်တွင်းနဲ့ နိုင်ငံကာအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါတယ်။

Photo : Myanmar State Counsellor Office

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013