
ကချင်ပြည်နယ် မိုးကောင်းမြို့ အောင်မင်္ဂလာကျေးရွာ မူလတန်းကျောင်းမှ လေးတန်း ကျောင်းသူတဦး ဖေဖော်ဝါရီ ၂၅ မနက် ၁၁ နာရီခွဲလောက်က အသတ်ခံရတယ်လို့ မိုးကောင်း ရဲစခန်းကနေ သိရပါတယ်။
မိုးကောင်းမြို့ ရေရှင်ကျေးရွာအုပ်စု ပရဟိတကွင်းရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းမှ ထင်းတောစပ်ရှိ တောင်ယာတဲသို့ပြန်လာစဉ် သမီးဖြစ်သူကို မတွေ့တဲ့အတွက် သားဖြစ်သူ မောင်ထွန်းမြင့်ကို မေးမြန်းရာ မကြာသေးမီက သူနဲ့အတူ ထင်းချောင်းတွေ သယ်နေခဲ့ပြီး အခု မတွေ့တာကြောင့် တဲသို့ပြန်လာတာဖြစ်ကြောင်း ပြောပြလို့ ထင်းတော အတွင်းသို့ လိုက်လံရှာဖွေရာ တဲအနောက်မြောက်ဖက် ၂ ဖာလုံခန့်အကွာတွင် သမီးဖြစ်သူ မ--- ၁၀ နှစ်မှာ လည်ပင်း နောက်ကျော ခါးရင်ညွန့်တို့မှာ ဓားဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတာကို တွေ့ခဲ့ရတာပါ။
၎ တန်းကျောင်းသူရဲ့ အလောင်းဘေးမှာ ဝတ်ဆင်ခဲ့တဲ့ အစိမ်းရောင်ဘောင်းဘီရှည်ကို ချွတ်လျက်တွေ့ရှိရတာကြောင့် သမီးဖြစ်သူကို အဓမ္မပြုကျင့် သတ်ဖြတ်သွားသူကို အရေးယူပေး ဖို့ သေဆုံးသူကျောင်းရဲ့ဖခင်ဖြစ်သူက မိုးကောင်း ရဲစခန်းကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။
“ကျမတို့ကတော့ မုဒိမ်းကျင့်ပြီးသတ်သွားတယ်လို့ပဲ ယူဆပါတယ်။ ဆေးစာထွက်လာမှ သေသေချာချာ သိရမှာ”လို့ ဒေသခံတဦးက ပြောပါတယ်။
မိုးကောင်းမြို့မရဲစခန်းမှ အမှုစစ်ဒုရဲမှူး မျိုးညွန့်က (ပ)၄၈/၂၀၁၈ အမှုကြီးအမှတ်စဉ် ၅/၁၈ လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ပြီး တရားခံကို စုံစမ်းနေတယ်လို့ သိရပါတယ်။
သတင်း - မုန်းမုန်းမင်း











