
အပစ်ရပ်စာချုပ်လက်မှတ်ထိုးတဲ့ အန်စီအေ လမ်းကြောင်းကတဆင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည် ဖော်သွားမှာဖြစ်ပြီး KNO နဲ့ CNF တို့ကို အဖွဲ့ဝင်အဖြစ် ပြန်လက်ခံသွားမယ်လို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဒီနေ့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ရပ်နားထားတဲ့ ပုံမှန်ကောင်စီ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၃ ကနေ ၂၅ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြန်လည်ကျင်းပပြီးတဲ့နောက် ထုတ်ပြန်လိုက်တာပါ။
ပြီးတော့ လက်ရှိကောင်စီအဖွဲ့ဝင်တွေဟာ UNFC မှာ ဆက်ရှိနေပြီး စတင်ဖွဲ့စည်းတုန်းက ပါဝင်ခဲ့တဲ့ ကချင်အမျိုးသားအစည်းအရုံး (KNO) နဲ့ ယာယီအဖွဲ့ဝင်အဖြစ်က ရပ်စဲထားတဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ကို လာမယ့် ဇူလိုင်မှာ ကျင်းပမယ့် အရေးပေါ်ညီလာခံမှာ အဖွဲ့ဝင်တွေအဖြစ် ပြန်လက်ခံဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။
ဒီအစည်းအဝေးကို မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ မဟာမိတ်အဖွဲ့အစည်းဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ကိုယ်စားလှယ်တွေ တက်ရောက်ကြတယ်လို့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က UNFC အဖွဲ့ဝင်တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံးတို့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။











