DVB Logo
Home
မြန်မာသတင်း
ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေးအတွက် ချေးငွေရရှိရေး ဆွေးနွေးပွဲပြုလုပ်
DVB
·
February 25, 2018
ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေးအတွက် ချေးငွေရရှိရေး ဆွေးနွေးပွဲပြုလုပ်
Donate to DVB

 

မြန်မာနိုင်ငံ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေတဲ့ အရင်းနှီး ချေးငွေရရှိစေရေးကို ရည်ရွယ်ပြီး တွေ့ဆုံဆွေးနွေးပွဲတခုကို မုံရွာမြို့ စက်မှုဇုန်ခမ်းမမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို ငွေကြေးရရှိစေနိုင်မှုဆိုင်ရာ ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ စီမံ/ဘဏ္ဍာ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဆက်စပ်ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ စစ်ကိုင်းတိုင်း စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဦးနှင့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ စစ်ကိုင်းတိုင်းအတွင်းက ကုန်သည်တွေ၊ စက်မှုလက်မှုလုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပြီး ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပါတယ်။

စီမံ/ဘဏ္ဍာ ပြည်ထောင်စု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက “ရည်ရွယ်ချက်တော့ ကျနော်တို့ပြည်ထောင်စုက ဘာတွေလုပ်နေတယ်ဆိုတာကို မုံရွာမှာရှိတဲ့ ကုန်သည်၊ စက်မှု လက်မှု၊ စီးပွားရေးလုပ်ငန်းရှင်တွေသိအောင် ရှင်းပြဖို့ဖြစ်သလို လုပ်ငန်းရှင်တွေရဲ့ သိလိုတဲ့ အချက်၊ မေးမြန်းချင်တဲ့အချက်တွေ သို့တည်းမဟုတ် လိုအပ်နေတဲ့ အချက်၊ ဖြည့်ဆည်းပေးရမယ့် အချက်တွေ ဒါတွေကို ကြားမြင်တွေ့ရှိ၊ သိရှိပြီးတော့မှ ဘယ်လိုပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးရမလဲဆိုတဲ့ ကိစ္စတွေကို သိအောင်လုပ်ခြင်းဖြစ်ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

ဂျပန်၊ ဂျာမနီ စတဲ့ နိုင်ငံခြားတိုင်းပြည်တွေက ကူညီပေးတဲ့ ချေးငွေတွေကို ပြည်ထောင်စု ကနေ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြန်လည်ချေးပေးနိုင်ဖို့အတွက် တိုင်းနှင့် ပြည်နယ်တွေမှာ လုပ်ဆောင်နေတာဖြစ်ပြီး စစ်ကိုင်းတိုင်းက ၆ ခုမြောက်ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ဝန်ကြီးက ပြည်တွင်း၊ ပြည်ပချေးငွေတွေနဲ့ပတ်သက်ပြီး ရှင်းလင်းဆွေးနွေး ခဲ့ပြီး တက်ရောက်လာတဲ့ လုပ်ငန်းရှင်တွေကလည်း သိလိုတာတွေ ပြန်လည်မေးမြန်းဆွေးနွေး ခဲ့ကြပါတယ်။

“အစိုးရက ချေးငွေထုတ်ချေးမယ့်ဟာက အရှေ့တောင်အာရှနိုင်ငံတွေနဲ့ဆိုရင် များနေသေး တယ်။ အတိုးနှုန်းမလျော့နိုင်ရင်လည်း ချေးငွေကို လုပ်ငန်းအလိုက် ချေးငွေကို ချေးပေးစေချင် တယ်။ ဒါမှသာ ပုဂ္ဂလိကဖွံ့ဖြိုးပြီး တိုင်းပြည်လည်းတိုးတက်နိုင်မယ်။ ချေးငွေမူဝါဒမှာလည်း အားနည်းချက်တွေရှိနေလို့ သေသေချာချာဆွေးနွေးပြီး ပြန်လည်ပြင်ဆင်တာတွေ လုပ်ပေးစေချင်တယ်။”လို့ လုပ်ငန်းရှင်တဦးက ပြောဆိုခဲ့ပါတယ်။

လက်ရှိအစိုးရက ချေးငွေထုတ်ချေးမယ့်မူဝါဒမှာ ကန့်သတ်ချက်အချို့လည်း ရှိနေပါတယ်။ အခုမှစလုပ်မယ့် လုပ်ငန်းတွေဆိုရင် မသေချာတဲ့အတွက် ထုတ်မချေးနိုင်ဘူးလို့ ဝန်ကြီးက ဆိုပါတယ်။ ချေးငွေတွေချေးတဲ့အခါ ဂရန်မူရင်းအပေါင်ထားရတာ၊ ပေါင်နှံတဲ့ပစ္စည်းတန်ဖိုးအပေါ် သတ်မှတ်ချက် စတာတွေကိုလည်း ပြင်ဆင်စေချင်ကြပါတယ်။ အမှန်တကယ်လုပ်ငန်းမလုပ်ဘဲ ဟန်ပြလုပ်နေတာမျိုးကိုလည်း မချေးပေးဖို့ သေသေချာချာစိစစ်သင့်တယ်လို့လည်း လုပ်ငန်းရှင်တွေက တင်ပြခဲ့ပါသေးတယ်။

၂၀၁၈-၁၇ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ GDP အရ လူတစ်ဦးချင်းဝင်ငွေ တစ်နှစ်မှာ ၁၇ သိန်းကျော်အထိ မှန်းထားခဲ့ပေမယ့် တကယ်ရတာကတော့ ၁၆ သိန်းခန့်သာရှိခဲ့တယ်လို့ဆိုပါတယ်။

ပုဂ္ဂလိကကဏ္ဍပိုမိုဖွံ့ဖြိုးလာဖို့အတွက် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတွေကိုလည်း လျှော့ချပြီး သွင်းကုန်ကဏ္ဍတွေမှာလည်း ကန့်သတ်ပြောင်းလဲတာတွေ လုပ်ဆောင်သင့်တယ်လို့ ဝေဖန်တာတွေလည်းရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013