DVB Logo
Home
မြန်မာသတင်း
မောင်တောတိုက်ခိုက်ခံရမှု ၄ ဦးကို သေဒဏ်ချမှတ်
DVB
·
February 25, 2018
မောင်တောတိုက်ခိုက်ခံရမှု ၄ ဦးကို သေဒဏ်ချမှတ်
Donate to DVB

 

မောင်တော ရဲကင်းစခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ ဖမ်းဆီးထားသူ ၅၀၀ ကျော်ရှိပြီး ၄ ယောက်ကို သေဒဏ်ချမှတ်လိုက်တယ်လို့ ဒုတိယ ခရိုင်တရားသူကြီးက ပြောပါတယ်။

၂၀၁၆ အောက်တိုဘာ မောင်တော နယ်ခြားစောင့်ရဲကင်းစခန်းတွေ တိုက်ခိုက်ခံရမှုအတွက် တရားစွဲဆိုထားတာ ၇ မှု ရှိပြီး ဖမ်းဆီးထားသူ ၅၀၇ ယောက်ရှိတာပါ။

မောင်တောခရိုင် အထူးတရားရုံးက ဘူးသီးတောင်မြို့မှာ ဖွင့်လှစ်ထားတဲ့ တရားရုံးက အမှု ၆ မှုအတွက် ဆုံးဖြတ်ချလိုက်ပြီ ဖြစ်ပြီး သေဒဏ် ၄ ယောက်၊ ထောင်ဒဏ် ၈၇ ယောက်ရှိပါတယ်။ ၃၃ ယောက်ကိုတော့ ပြန်လွှတ်လိုက်ပြီး တရားခံပြေး ၁ ယောက်၊ သေဆုံးခဲ့သူ ၁ ယောက်ရှိတာပါ။

အမှုတွေကို တနှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီး ၂၀၁၈ ဖေဖော်ဝါရီ ၂၁ ရက်ကစလို့ ပြစ်ဒဏ်တွေချမှတ်ခဲ့တာပါ။

ဒု ခရိုင်တရားသူကြီး ဦးညိုလွင်ဦးက "ရာဇသတ်ကြီး ၅ မှုနဲ့ လက်နက်မှု ၂ မှုပါ။ တရားခံတွေကို တနှစ်ကျော်ကြာ ကျနော်တို့ စစ်ဆေးခဲ့ပါတယ်။ ဘာအတွက် ဒီလောက်ကြာ ရသလဲဆိုတော့ ဥပမာ တရားခံတဦးဟာ ရာဇသတ်ကြီးနဲ့ ပတ်သက်နေသလို နောက်လက်နက်မှု တွေနဲ့လည်း ပါဝင် ပတ်သက်နေတာတွေရှိပါတယ်။ ဒါကြောင့် စစ်ဆေးတာမှာ ကြန့်ကြာတာပါ။ စွဲတင်ထားတဲ့ ပုဒ်မတွေကတော့ တယောက်နဲ့ တယောက်မတူကြပါဘူး” လို့ ပြောပါတယ်။

ကျန်နေတဲ့ တမှုမှာတော့ ဖမ်းဆီးထားသူ ၂၉၄ ယောက်ရှိနေပါတယ်။

လူသတ်မှု၊  ဘေးဖြစ်စေတတ်တဲ့ လက်နက် ဒါမှမဟုတ် တခြားနည်းနဲ့  အပြင်းအထန် နာကျင်စေမှု၊ ဘေးဖြစ်စေတတ်တဲ့ လက်နက် ဒါမှမဟုတ် တခြားနည်းနဲ့  မိမိအလိုအလျောက် နာကျင်စေမှု၊ လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) (ယာယီ)အက်ဥပဒေတွေနဲ့ တရားစွဲဆို ထားတာ ဖြစ်ပါတယ်။

ဒု ခရိုင်တရားသူကြီး ဦးညိုလွင်ဦးက “ထောင်ဒဏ်အပြစ်ပေးခံရတာတဲ့ နေရာမှာ အများဆုံး နှစ် ၂၀ ကနေ အနည်းဆုံး ၁၀ နှစ်အထိဖြစ်ပါတယ်။ တရားခံတယောက်ဟာ အမှု ၂ ခုလုံးမှာ ပါနေတယ် ဆိုရင်တော့ နှစ်ပိုကျနိုင်ပါတယ်။ နောက်ထပ် စီရင်ဖို့ကျန်တဲ့ တမှုမှာတော့ တရားခံ အရေအတွက် ၂၉၄ ယောက် ရှိပြီး အားလုံး ယောက်ျားတွေပါ။ အမျိုးသမီးနဲ့ အသက်မပြည့်တဲ့သူ တဦးမှ မပါပါဘူး"လို့ ပြောပါတယ်။

ပြီးတော့ ၂၀၁၇၊ သြဂုတ်လ ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၀(က)/၅၀(ဃ) နဲ့ စွဲဆိုထားတဲ့ အမှု ၁၉ မှု၊ ဖမ်းဆီးထားသူ ၇၁ ယောက်ကို စစ်ဆေးနေတုန်းဖြစ်သလို ၂၀၁၈ မှာလည်း အလားတူ ပုဒ်မတွေနဲ့ စွဲဆိုထားတဲ့ ၂ မှုနဲ့ ဖမ်းဆီးထားသူ ၁၁ ယောက်ကိုလည်း စစ်ဆေးနေတုန်း ဖြစ်ပါတယ်။

သတင်းနှင့်ဓာတ်ပုံ - မင်းကျော်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013