DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့ အဝေးပြေးလမ်းမှာ ရဲတပ်ဖွဲ့ဝင်အချို့ ပြန်ပေးဆွဲ ငွေတောင်းခံမှု မှတ်တမ်းဗွီဒီယို
DVB
·
February 25, 2018
Donate to DVB

ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဘားအံမြို့နယ် ကျားကလေးကျေးရွာအနီး ဘားအံ၊ အိန္ဒူ အဝေးပြေးလမ်းမတစ်နေရာမှာ ရဲတပ်ဖွဲ့ဝင်အချို့က ပြန်ပေးဆွဲခံရတဲ့ မိသားစုဝင်တွေဆီက ဒုတိယအရစ် ငွေလာယူစဉ် မှတ်တမ်းရိုက်ကူးထားတဲ့ ဗွီဒီယိုရုပ်သံကို ဒီဗွီဘီက ရရှိခဲ့ပါတယ်။

ဒီမှတ်တမ်းဖိုင်ဟာ ဘားအံတရားမျှမှုစင်တာမှ ရှေ့နေအပါဝင်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ မိသားစုဝင်တွေက ရိုက်ကူးထားတာပါ။ ငွေအပေးယူလုပ်ဖို့ ချိန်းဆိုထားတဲ့ နေရာမှာ ပြန်ပေးဆွဲခံလိုက်ရတဲ့ မိသားစုဝင်တွေက ဒုတိယအရစ် ငွေလာပေးချိန် မှတ်တမ်းတင်ထားတာပါ။

အမှုမှန်ပေါ်ပေါက်ရေး အကူအညီပေးနေသူက အဲဒီနေ့က ငွေအပေးအယူ အထမမြောက် လိုက်ပါဘူး။ ရှေ့နေနဲ့ ပြန်ပေးငွေ တောင်းခံရတဲ့ မိသားစုဝင်နေထိုင်တဲ့ ကျေးရွာမှ အုပ်ချုပ်ရေးမှူး တွေ နောက်ယောင်လိုက် မှတ်တမ်းတင်တာကို ရိပ်မိသွားခဲ့လို့ပါပဲ။ ငွေလာတောင်းသူထဲမှာ တဦးက ရဲဝန်ထမ်းဖြစ်ပြီး နောက်တဦးက ရဲသတင်းပေးဖြစ်တယ်လို့ ပြောပါတယ်။

ကရင်ပြည်နယ် တရားမျှတမှုစင်တာ ရှေ့နေ ဦးမင်းလင်းကိုကိုက “ခင်ဗျားတို့ သူတို့ ချိန်းတဲ့နေရာကို ငွေသွားပေးပါ၊ လိုက်ကြည့်မယ်ဆိုပြီးတော့ အဲဒီနေ့ (၁၅-၂-၂၀၁၈) ညနေ ၄ နာရီကျော်ကျော်လောက်မှာ ကျနော်ကိုယ်တိုင် သူတို့ချိန်းတဲ့ ဘားအံ ကျားကလေး မြောင်းဝကို သွားခဲ့ပါတယ်” လို့ ပြောပါတယ်။

ဒီဖြစ်စဉ်ဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန် အရပ်ဝတ်ထားတဲ့ လက်နက်ကိုင်တစု ဘားအံမြို့နယ် ဘားအံမြို့နဲ့သိပ်မဝေးတဲ့ ကော့စိန်ဘန်အောက်  ကျေးရွာအုပ်စုမှာနေထိုင်တဲ့ ဒေသခံ ၅ ဦးကို မူးယစ်ဆေးဝါး အကြောင်းပြပြီး စတင်ဖမ်းဆီး ချိန်ကစပြီး ပြန်ပေးဆွဲငွေတောင်းခံမှု ဖြစ်ပွားလာတာပါ။

အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၃ ဦး စုစုပေါင်း ၅ ဦး ဖမ်းဆီးခံလိုက်ရတာပါ။ ဒီဖမ်းဆီးမှုကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေလည်း မသိကြပါဘူး။

ဖမ်းဆီးခံသူတွေရဲ့ အပြောအရ သူတို့တွေကို အရပ်ဝတ်ထားတဲ့ လက်နက်ကိုင်အမျိုးသား ၇ ဦးပါတဲ့အဖွဲ့က ကားတစ်စီးပေါ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ညမှောင်တဲ့အထိ ဘယ်မှာမှန်း မသိတဲ့ အိမ်တစ်အိမ်အတွင်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ယောက္ခမနဲ့ချွေးမတော်စပ်တဲ့ အမျိုးသမီးနှစ်ယောက်ကို သိန်း ၄၀ နဲ့ လာရောက်ရွေးယူဖို့ ပြန်ပေးအဖွဲ့ဝင်တွေက မိသားစုဝင်တွေကို အကြောင်းကြားခိုင်းခဲ့ပါတယ်။

ပြန်ပေးရွေးငွေ တလုံးတခဲတည်း သိန်း ၄၀ ကို မိသားစုဝင်တွေက ညတွင်းချင်း ရှာဖွေပေးလို့ အဆင်မပြေချိန်မှာတော့ သိန်း ၂၀ ကို ညတွင်းချင်း အရင်ပေးချေစေပြီး ကျန်သိန်း ၂၀ ကိုတော့ နောက်နေ့မှာ အပြီးပေးချေဖို့ မိသားစုဝင်တွေနဲ့ ပြန်ပေးအဖွဲ့ သဘောတူညီမှုရခဲ့ပါတယ်။

မိသားစုဝင်တွေနဲ့ ရပ်ရွာအတွင်းက နီးစပ်သူတွေထံ အတိုး ၅ ကျပ်နှုန်းနဲ့ ညတွင်းချင်း လိုက်လံချေးငှားလို့ ရလာတဲ့ သိန်း ၂၀ ကို ပြန်ပေးအဖွဲ့ထံ လာရောက်ရွေးပြီးမှ အမျိုးသမီး ၂ ဦးဟာ ည ၁ နာရီဝန်းကျင်မှာ လွတ်မြောက်လာခဲ့ရတာပါ။

ပြန်ပေးဆွဲခံရပြီးမှ လွတ်မြောက်လာသူ အမျိုးသမီးသမီးက သူ့ဆီမှ ပြန်ပေးဆွဲငွေတောင်းပုံကိုလည်း  “မပေးရင် အရေးယူမယ်။ ထောင်ချမယ်။ အဒေါ်နေနိုင်လား။ အဒေါ်မနေနိုင်ဘူး။ အဒေါ်အပြစ်မှမရှိတာ။ ဗမာစကားလည်း သိပ်မတတ်တာကိုး။ ခဏခဏ ပိုက်ဆံတောင်းတယ်” လို့ ပြောပါတယ်။

ရွာပြန်ရောက်တာနဲ့ ပြန်ပေးဆွဲခံရသူ အမျိုးသမီးနဲ့ မိသားစုဝင်တွေက ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်းကြားအကူညီတောင်းခံရာမှတဆင့် နောက်ဆုံးမှာတော့ ဘားအံမြို့က တရားမျှတမှု စင်တာနဲ့ပါ အဆက်သွယ်ရရှိသွားခဲ့ပါတယ်။

နောက်တနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မနက်မှာတော့ နောက်ထပ်ပေးရမယ့်ငွေသိန်း ၂၀ လာရောက်ယူချိန်မှာတော့ တရားမျှတမှုစင်တာနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက မှတ်တမ်းရိုက်ကူး ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီသူဟာလည်း ရဲဝန်ထမ်းဖြစ်တယ်ဆိုတာ သိရှိခဲ့ရတယ်လို့ ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသခံတွေနဲ့ ဖမ်းဆီးခံရသူတွေရဲ့ ပြောဆိုချက်အရ အရပ်ဝတ်ထားပြီး လက်နက်ကိုင်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဖမ်းဆီးထားတဲ့ ၅ ဦးထဲမှ အမျိုးသမီး ၂ ယောက်ကို ငွေနဲ့ပြန်ရွေးဖို့ လုပ်ဆောင်ခဲ့သလို၊ နောက်ထပ် အမျိုးသားတဦး ကိုလည်း ငွေ ၅ သိန်းနဲ့လာရွေးဖို့ မိသားစုဝင်တွေထံ ဆက်သွယ်ခဲ့ပါတယ်။

အဆိုပါ အမျိုးသားကို သွားရောက်ရွေးယူရာမှာတော့ ရာအိမ်မှူးကိုင်တိုင် မိသားစုဝင်တွေနဲ့ လိုက်ပါခဲ့ရပြီး၊ အိန္နုရဲစခန်းအရှေ့မှ ငွေပေးချေပြီးမှ ပြန်လည်ထုတ်ယူခဲ့ရပါတယ်။

ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ အရပ်ဝတ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေတချို့ရဲ့ မူးယစ်ဆေးဝါး အကြောင်းပြ ဖမ်းဆီးပြီး၊ ပြန်ပေးဆွဲခံလိုက်ရတဲ့ သူတွေထဲမှ အမျိုးသား ၁ ဦးသာ စိတ်ကြွဆေးပြား ၄ ပြား ဖမ်းဆီးရမိမှုနဲ့ အိန္ဒုရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မိသားစုဝင်တွေက အကြောင်းကြားချက်အရ ကျေးရွာအုပ်ချုပ်ရေးမှူးကိုယ်တိုင် အိန္နုရဲစခန်းမှာ သွားရောက်စုံစမ်း သိခဲ့ရပါတယ်။

ပြန်ပေးဆွဲအဖွဲ့ထံ ငွေပေးပြီးမှ ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးဟာ အရပ်ဝတ်နဲ့ လက်နက်ကိုင်ပြန်ပေးအဖွဲ့ လာရောက်ဖမ်းဆီးစဉ် လယ်ယာအတွင်း အလုပ်လုပ်နေချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ကရင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်တွေ အရပ်ဝတ်နဲ့ ဒေသခံတွေကိုပြန်ပေးဆွဲဖမ်းဆီးပြီး ငွေတောင်းခဲ့တာ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တွေနဲ့ တရားမျှတမှုစင်တာမှ ရှေ့နေတွေ ပူးပေါင်း ပါဝင်လာကြလို့ အမှုပေါ်ပေါက်လာချိန်မှာတော့ ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှ အရာရှိတစ်ယောက် လည်း ရှေ့နေထံ ဖုန်းဆက်ညှိနှိုင်းဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကာယကံရှင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကနဦး စစ်ဆေး ထားပြီး သက်ဆိုင်ရာအဆင့်ဆင့်ကို တင်ပြထားဆဲ ဖြစ်တယ်လို့ ဘားအံခရိုင်ရဲတပ်ဖွဲ့ရုံးမှ ဒုတိယ ခရိုင်ရဲတပ်ဖွဲ့မှူးက ဒီဗွီဘီကို ပြောပါတယ်။

အပြည့်အစုံ - ရုပ်သံကြည့်ရှုရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013