DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာရွာများအား ဘူဒိုဇာဖြင့်ထိုးသည့်ကိစ္စ မမှန်ကြောင်း ဒေါက်တာဝင်းမြတ်အေး ပြော
DVB
·
February 24, 2018
ရိုဟင်ဂျာရွာများအား ဘူဒိုဇာဖြင့်ထိုးသည့်ကိစ္စ မမှန်ကြောင်း ဒေါက်တာဝင်းမြတ်အေး ပြော
Donate to DVB

ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာရွာတွေကို ဘူဒိုဇာတွေနဲ့ ထိုးတယ်ဆိုတာ မဟုတ်မှန်ကြောင်းနဲ့ ကျေးရွာစီမံကိန်းတွေအတွက်ဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ နှစ်ကုန်ပိုင်းကနေ ၂၀၁၈ ဖေဖော်ဝါရီလအထိ ရိုဟင်ဂျာ ၅၀ ကျော်ကို အစိုးရက ဘူဒိုဇာနဲ့ထိုးပြီး ဖျက်ဆီးလိုက်တယ်လို့ ဂြိုဟ်တုကနေ ရိုက်ယူထားတဲ့ ဓာတ်ပုံအထောက်ထားတွေနဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဖေဖော်ဝါရီ ၂၃ ရက်မှာ ထုတ်ပြန်လိုက်တာပါ။

ဒါနဲ့ ပတ်သက်ပြီးတော့ ဒေါက်တာဝင်းမြတ်အေးက ငြင်းဆိုခဲ့ပြီး ပဋိပက္ခအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေနဲ့ အသစ်တည်ဆောက်မဲ့ ကျေးရွာသစ်စီမံကိန်းတွေအတွက် သွားလာရေး အဆင်ပြေအောင် လမ်းစီမံကိန်းတွေ ဖော်ဆောင်နေတာသာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဖျက်တာတော့မဟုတ်ဘူး။ မီးလောင်သွားတဲ့ နေရာတွေတော့ Township Plan တွေ၊ Village Plan တွေလုပ်နေတော့ တချို့နေရာတွေက လမ်းဖောက်ရမှာတွေရှိတယ်။ အကွက်တွေ ချရမှာရှိတယ်။ အကွက်ချတယ်ဆိုတာက သူတို့ကို စခန်းပြန်ပို့လိုက်တာမဟုတ်ဘူး။ အဲဒီနေရာမှာပဲ၊ အဲနားမှာပဲပေါ့။ လမ်းဖြတ်သွားတယ်ဆိုရင်တော့ နည်းနည်းရွေ့သွားမှာပေါ့။ လမ်းမဖြတ်ဘူး၊ တည့်တည့်ဆိုရင်တော့ ဒီအကွက် အတိုင်းပေါ့။ အကွက်တွေ ပြန်ချရမယ်။ ပြန်ချပြီးတော့မှ Plan ဆွဲတော့မှ အိမ်ပုံစံတွေ ဆောက်ရမယ်။ အိမ်ဆောက်ရတော့မှာလေ၊ ပြန်လာတော့မှာဆိုတော့” လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှိနိုင်ငံကနေ ပြန်လာမယ့် ဒုက္ခသည်တွေအတွက် တည်ဆောက်မယ့် ကျေးရွာစီမံကိန်းကို ဂျပန်နိုင်ငံက အလှူငွေထည့်ဝင်ထားပြီး UEHRD စီမံကိန်းအနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့လည်း သူက ဆိုပါတယ်။

“UN အဖွဲ့အစည်းတွေကလည်း ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေ အခုပေါ်လာပြီ။ နောက်ပြီးတော့ ဂျပန်ကလည်း လှူတာတွေရှိတယ်။ စာချုပ်ချုပ်တာတွေ ရှိတယ်ဆိုတော့ ဒါတွေက Township plan တို့ Village Plan တို့အတွက် ပြင်ဆင်နေတာပါဗျ” လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားသူတွေ ပြန်လည်လက်ခံရေးအတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ စတင်လက်ခံဖို့ နှစ်နိုင်ငံသဘောတူညီခဲ့ထားပေမယ့် ဒီနေ့အချိန်ထိတော့ တဦးတယောက် မှ လက်ခံနိုင်တာမျိုးမရှိသေးပါဘူး။

ဒီလို လက်ခံရေးလုပ်ငန်း မစတင်နိုင်တာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ကြန့်ကြာနေတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့လည်း ဒေါက်တာ ဝင်းမြတ်အေးက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013