DVB Logo
Home
မြန်မာသတင်း
ပြင်ဆင်လိုက်သည့် ငြိမ်းစုစီဥပဒေမူကြမ်းအပေါ် အမြင်သဘောထား
DVB
·
February 24, 2018
ပြင်ဆင်လိုက်သည့် ငြိမ်းစုစီဥပဒေမူကြမ်းအပေါ် အမြင်သဘောထား
Donate to DVB

ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပြင်ဆင်တဲ့ မူကြမ်းကို ဖေဖော်ဝါရီ ၁၉ ရက်နေ့က အမျိုးသားလွှတ်တော်ကနေ အတည်ပြုလိုက်ပြီး အများပြည်သူလေ့လာဖို့နဲ့ အကြံပြုနိုင်ဖို့ နိုင်ငံပိုင်သတင်းစာတွေမှာ မနေ့က ဖော်ပြခဲ့ပါတယ်။

အဲဒီမူကြမ်းမှာ ဥပဒေရဲ့ ခြေဆင်းကို အစားထိုးပြင်ဆင်ထားပါတယ်။ ပြီးတော့ ငြိမ်းချမ်းစွာ စုဝေးတာ၊ ဒါမှမဟုတ် စီတန်းလှည့်လည်တာအတွက် ခန့်မှန်းကုန်ကျစရိတ်နဲ့ ကုန်ကျခံမယ့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို ဖော်ပြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးကို တင်ပြရမယ်လို့ အစားထိုး ဖြည့်စွက်ထားပါတယ်။

ပြစ်ဒဏ်တွေအနေနဲ့လည်း နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနဲ့ ပြည်သူတွေရဲ့ ကိုယ်ကျင့်တရားကို ပျက်ပြားစေမယ့် အခြေအနေတွေကို သိလျက်နဲ့ ဒီလိုဆောင်ရွက်ဖို့ တိုက်တွန်းတာ၊ လှုံ့ဆော်တာ ဆိုရင် ထောင်ဒဏ် ၃ နှစ်အထိချဖို့၊ ဒီ ပုဒ်မတွေကို ရဲအရေးပိုင်တဲ့ ပုဒ်မအဖြစ် သတ်မှတ်ထားပါတယ်။

ဒီလို ပြင်ဆင်လိုက်တာနဲ့ ပတ်သက်ပြီး ဥပဒေပညာရှင်နဲ့ တက်ကြွလှုပ်ရှားသူတချို့ရဲ့ အမြင်တွေကို မေးမြန်းစုစည်း ဖော်ပြလိုက်ပါတယ်။

ဒေါက်တာ ညိုညိုသင်း (ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ)

“အဓိက ပြောချင်တာက ပုဒ်မ ၁၈ ပါ။ အဲဒီမှာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနဲ့ ပြည်သူတွေရဲ့ ကိုယ်ကျင့်တရားကို ပျက်ပြားစေမယ့် အခြေအနေဆိုတာ သိလျက်နဲ့ ဒီဟာတွေကိုလုပ်ရင်လို့ ပြောထားတယ်။ ဆိုတော့ ဘယ်ဟာက လုံခြုံရေးကို ပျက်ပြားစေတာလဲ၊ ဘယ်ဟာက တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေတာလဲဆိုတာ တိကျတဲ့ ဥပဒေ သတ်မှတ်ချက်တွေ ရှိတာ မဟုတ်ဘူးလေ။ ဒါတွေက အခြေခံဥပဒေထဲက စကားလုံးတွေကို ယူပြီး သုံးထားတာလေ။ လွှတ်တော်ကို ပြောချင်တာက အန်အယ်လ်ဒီဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်လို့ ကတိပေးပြီးတော့ လွှတ်တော်ထဲကို ဝင်သွားတာ။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ယေဘုယျဆန်တဲ့ စကားလုံးတွေ သုံးပြီးတော့ ပြည်သူလူထုကို ဖိနှိပ်တဲ့ ဥပဒေတခုကို ရေးဆွဲတာပဲလေ။”

မသဉ္ဇာရွှန်းလဲ့ရည် (ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ၊ စည်းရုံး လှုံ့ဆော်ရေးမှူး)

“ဒီဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားတဲ့ အခါမှာ ကျမတို့ မျှော်လင့်တာက ဒီထက်ပိုပြီးတော့ ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဒီမိုကရေစီအစိုးရ၊ ပြည်သူ့အစိုးရလက်ထက်မှာ ဒီထက်ပိုပြီးတော့ ဦးစားပေးလာမယ်လို့ မျှော်လင့်ခဲ့ပေမယ့် အခု ဒီဥပဒေကို သုံးသပ်ရမယ် ဆိုရင်တော့ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဆန္ဒမပြနဲ့ လို့ မပြောရုံတမယ် ထိန်းချုပ်တဲ့ ဥပဒေ ပြန်ဖြစ်သွားတယ်။ လူတွေရဲ့ အခြေခံရပိုင်ခွင့်တွေ ပိုပြီးကျုံ့လာတယ်လို့ ခံစားရတယ်။ ဒီအပေါ်မှာ အရပ်ဘက်အဖွဲ့အစည်းတွေ စုစည်းပြီး ကန့်ကွက်မလားလို့ တိုင်ပင်နေတာတော့ ရှိတယ်။”

ဦးရောဘတ်စန်းအောင် (တရားလွှတ်တော်ရှေ့နေ)

“လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို အလွဲသုံးစားလုပ်တဲ့ ပြဿနာတွေ ရှိလာတယ်။ အဲဒီလို ရှိလာတဲ့အတွက် အခုလို ဒီဥပဒေကို ပြင်ရတာပေါ့ဗျာ။ လူမျိုးရေး၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ စင်မြင့်ပေါ်မှာ မဟုတ်မတရား စည်းမဲ့ကမ်းမဲ့ ပြောချင်ရာပြောတဲ့ဟာတွေ၊ အဲဒီလိုဟာတွေကို ဟန့်တားနိုင်ဖို့အတွက် လုပ်တာ။ ရိုးရိုးသားသား ဆန္ဒဖော်ထုတ်တဲ့သူတွေအတွက် ဒါက ဘာမှ ထိခိုက်စရာ အကြောင်းမရှိဘူး။ ကျနော်ကတော့ အဲလိုပဲ မြင်တယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်လို့ လုပ်တာလို့ မြင်တဲ့အတွက် ဒါကို ထောက်ခံတယ်။ မဟုတ်ရင် တချိန်လုံး အလကားနေရင်းနဲ့ လူတွေ အထိတ်တလန့် ဖြစ်ကုန်အောင် နည်းမျိုးစုံနဲ့လုပ်ဆောင်တာ၊ ဥပဒေပြင်ပကနေ လုပ်တာတွေ ရှိတယ်။ ပုဂ္ဂိုလ်ရေးတွေ ပါလာတယ်။ အဲဒါမျိုးတွေကြောင့် ဒီဥပဒေ ထုတ်တာကို တစိတ်တပိုင်း အားဖြင့်တော့ ကျနော်တို့ အသိအမှတ် ပြုရမှာပဲ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013