DVB Logo
Home
မြန်မာသတင်း
ချေးငွေထုတ်ပေးရန် ဆားလုပ်ငန်းရှင်များ မွန်ပြည်နယ်အစိုးရထံ တင်ပြ
DVB
·
February 23, 2018
ချေးငွေထုတ်ပေးရန် ဆားလုပ်ငန်းရှင်များ မွန်ပြည်နယ်အစိုးရထံ တင်ပြ
Donate to DVB

မွန်ပြည်နယ်မှာ ရာဘာလုပ်ငန်းရှင်တွေအတွက် ချေးငွေထုတ်ပေးနိုင်ဖို့ ပြည်နယ်အစိုးရက ရာဘာချေးငွေစိစစ်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး လေ့လာနေသလို ဆားလုပ်ငန်းရှင်တွေကိုလည်း ချေးငွေထုတ်ပေးနိုင်ဖို့ အသေးစားနှင့်အလတ်စားစက်မှုလက်မှုလုပ်ငန်း(SME) လုပ်ငန်းရှင်တွေက တင်ပြထားပါတယ်။

လက်ရှိမွန်ပြည်နယ်မှာ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်နဲ့ပေါင်မြို့နယ်တို့မှာ ဆားလုပ်ငန်းကို အများဆုံးလုပ်ကိုင်နေကြပြီး ဆားလုပ်ငန်းရှင်တွေက ချေးငွေထုတ်ပေးဖို့ တင်ပြထားတယ်လို့ မွန်ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောပါတယ်။

“ဆားလုပ်ငန်းရှင်တွေ ဆားတောင်သူတွေကလည်း သူတို့လည်း ဒီချေးငွေတွေကို လိုချင်တယ်ပေါ့နော်။ အဲတာတွေကိုလည်း သက်သက်သာသာလေး ဘဏ်အတိုးနဲ့ တောင်းဆိုလာတာတွေ ရှိတယ်။ ဆားလုပ်ငန်းရှင်တွေ အတွက်လည်း ပြည်နယ်အစိုးရအဖွဲ့ရဲ့ ထောက်ခံချက်ရှိမယ်ဆိုရင်တော့ ဘဏ်တွေက ထုတ်ချေးပေးမယ်လို့တော့ပြောတယ်။ သိန်း ၂၀၀ အောက်ဆိုရင်တော့ ဘဏ်တွေကနေ ပြည်နယ်အစိုးရ ထောက်ခံချက်ရှိရင်တော့ ထုတ်ချေးပေးနိုင်ဖို့ ရှိပါတယ်။”

ဒါ့အပြင် မွန်ပြည်နယ်မှာ ဆားကွင်းဧက ၂၅၀ လောက် တိုးလာတဲ့အတွက် ဆားထွက်များပြီး ဖေဖော်ဝါရီလဆန်းက စပြီး ဆားဈေးတွေဆက်တိုက် ကျဆင်းလာတယ်လို့ သိရပါတယ်။

သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ဆားနှင့်အဏ္ဏ၀ါ ဓာတုဗေဒ ပစ္စည်းထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်း(မွန်ပြည်နယ်)က ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက “ဒီတစ်လောမှာ ဆားတွေဈေးကျနေတယ်။ ဇန်န၀ါရီလတုန်းကတော့ ဆား ၁ ပိဿာ ၁၈၀၊ ၁၉၀ ကျပ် ရှိတယ်။ အခု ၁၀၅ ကျပ်လောက်ပဲရှိတော့တယ်” လို့ ပြောပါတယ်။

ဆားလုပ်ငန်းရှင်တဦးကလည်း ဆားဈေးကျဆင်းနေတာနဲ့ပတ်သက်ပြီး “ဆားဈေးကျသွားတယ် ဆိုတာကလည်း ဆားထုတ်လုပ်တဲ့စရိတ်ရှိတယ်။ စရိတ်က ၁ ပိဿာကို ၅၀ ကျပ်လောက်ရှိတယ်။ ရာသီဥတုတွေကလည်း ကောင်းနေတော့ ဆားလုပ်ငန်းရှင်တွေက ရတဲ့ဈေးနဲ့ရောင်းကြလို့ပါ” လို့ ပြောပါတယ်။

ဆားလုပ်ငန်းကို နိုဝင်ဘာလမှစတင်ကာ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး မေလကုန်အထိ ထုတ်လုပ်လျက်ရှိပါတယ်။

မွန်ပြည်နယ်မှာ နေလှန်းဆားလုပ်ငန်းကို သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ၊ ကျိုက္ခမီနှင့်စက်စဲ၊ ပေါင်မြို့နယ်ရှိ ထန်းပင်ချောင်းရွာ၊ ရေးမြို့နယ်ရှိ ပလိုင်ကီးကျေးရွာတို့မှာ လုပ်ကိုင်နေပြီး ပြည်နယ်အတွင်းစားသုံးမှုပိုလျှံပါက မန္တလေးနဲ့ တနင်္သာရီတိုင်း ဒေသကြီးဘက်က ငါးလုပ်ငန်းဈေးကွက်တွေကို တင်ပို့တယ်လို့ သိရပါတယ်။

အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013