DVB Logo
Home
မြန်မာသတင်း
ဦးကိုနီလုပ်ကြံမှုနဲ့ပတ်သက်တဲ့ အသံဖိုင် နေရာ ၃ နေရာမှာ ရှိတယ် - အင်းစိန်အောင်စိုး
DVB
·
February 22, 2018
ဦးကိုနီလုပ်ကြံမှုနဲ့ပတ်သက်တဲ့ အသံဖိုင် နေရာ ၃ နေရာမှာ ရှိတယ် - အင်းစိန်အောင်စိုး
1 / 2
Donate to DVB

 

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်တဲ့ အသံဖိုင်တွေ နေရာ ၃ နေရာမှာ ရှိနေပြီး လက်ရှိ မြန်မာနိုင်ငံအခြေနေတွေပေါ် မူတည်ပြီး ထုတ်သင့်တဲ့အချိန် ထုတ်ဖော်သွားမယ်လို့ အင်းစိန် အောင်စိုးက ပြောကြားလိုက်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီအမှုကို ဒီနေ့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကြည်လင်းနဲ့ အမှုတွဲပါ အောင်ဝင်းထွန်းကို အာမခံပေးလိုက်ပါတယ်။

ဖမ်းဆီးထားတဲ့ အောင်ဝင်းထွန်းကို သိန်း ၅၀၀ နဲ့ တရားရုံးက အာမခံပေး လိုက်တာဖြစ်ပါတယ်။ ဒီနေ့ ရုံးထုတ်မှာ အင်းစိန်အောင်စိုး အပါအဝင် ပြန်ခေါ်သက်သေ ၆ ယောက်ကို စစ်ဆေးခဲ့ပါတယ်။

အမှုအခြေနေနဲ့ ပတ်သက်ပြီး အင်းစိန်အောင်စိုးကို သတင်းထောက်တွေက မေးမြန်းရာမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

“သက်သေတွေ မပြနိုင်ဘူး ဆိုတာက အသံဖိုင်၊ ဓာတ်ပုံ၊ စာရွက်စာတမ်းတွေ သက်သေမပြနိုင်ဘူး။ ဒါပေမယ့် အစ်ကို ဖော်လို့ အောင်ဝင်းဇော်တို့ကို ဖမ်းတယ်။ သေချာလို့လည်း သူတို့ ဒီအမှုကို ရင်ဆိုင်လို့ စွဲချက်တင်တဲ့အဆင့်ကို ရောက်သွားပြီ။ ဒီထက်ပိုပြီး ဘာသက်သေပြရဦးမလဲ။ အစ်ကို ဖော်ခဲ့တာ မဟုတ်ဘူးဆိုရင် ဖမ်းဆီးစရာ အကြောင်းလည်း မရှိဘူး။ ဒီအခြေအနေအထိ ရောက်လာစရာ အကြောင်းလည်း မရှိဘူး။ ဒါ တနိုင်ငံလုံး သိပြီးသားကိစ္စ ဖြစ်တယ်။ ကိုယ့်ဘက်ကလည်း မှန်တာကို တိတိကျကျ ခိုင်ခိုင်မာမာ ပြောခဲ့တာ။ အသက်နဲ့ရင်းပြီး ပြောခဲ့တာ။ အလကား အာချောင်ခဲ့တာ မဟုတ်ဘူး။ အစ်ကို ပြောတဲ့စကား မဟုတ်ဘူးဆိုရင် အစောကြီးကတည်းက အစ်ကို ဖမ်းဆီးအရေးယူခံနေရပြီ။ မှန်ကန်လို့လည်း အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်း၊ အောင်ဝင်းခိုင်တို့ ဆိုတာ နောက်ကွယ်ကနေ ထွက်ပေါ်လာတာ ဖြစ်တယ်။ မီဒီယာတွေ အားလုံးစုံတုန်း ပြောလိုက်ဦးမယ်။ နောက်ထပ် စကားတွေ ကျန်သေးတယ်။ နိုင်ငံတော်အတိုင်ပင်ခံကို ချစ်လို့ စကားတွေ ကျန်သေးတယ်။ ပြောစရာတွေ ရှိသေးတယ်။ အမေစုကို ထိခိုက်မှာစိုးလို့ စကားချန်ထားသေးတယ်။ မပြောသေးဘူး။ ငါ့ကို ထိလာရင် တုံ့ပြန်ဖို့ အဆင်သင့်ပဲ။ လူထုခေါင်းဆောင်ကို အရမ်းချစ်ခင်လို့ စကားတခု ချန်ထားတာ ရှိသေးတယ်။ လူသတ်မှုနဲ့ပတ်သက်တဲ့ စကားပဲ။ အသံဖိုင်တွေက နေရာ ၃ နေရာမှာ ရှိတယ်။ ကြီးမားတဲ့ နေရာ ၃ နေရာမှာ အသံဖိုင်တွေ ရှိတယ်။ အစ်ကို့ကို အောင်ဝင်းဇော် လာငှားတဲ့အချိန်မှာ သူ့ကို ပြန်ခေါ်သုံးထားတယ်၊ ကားပေးထားတယ်၊ တိုက်ခန်းပေးထားတယ်။ ငွေကောင်းကောင်းပေးထားတယ်လို့ ပြောတယ်။ ဒါ ရှင်းရှင်းလေးပဲ။ သူ့နောက်ကွယ်မှာ အဖွဲ့အစည်းတခု ခိုင်ခိုင်မာမာ ရှိတယ်ဆိုတဲ့ သဘောပဲ။ လူသတ်မှု ကျူးလွန်ပြီးတဲ့အချိန်မှာ ကရင်ပြည်နယ်မှာ သွားအောင်းမယ်။ ပထမအကြိမ်က သေနတ်နဲ့ ဝေးနေတဲ့အတွက် သွားလေ့ကျင့်တာ။ ဒုတိယအကြိမ်က သေနတ်ပစ် ကျွမ်းကျင်လာပြီဆိုရင် ပြန်လာပြီးတော့ လူသတ်လုပ်ကြံဖို့ လုပ်မယ်။ အောင်မြင်သွားရင် ပြန်ထွက်မယ်။ တောထဲမှာ သွားပြန်နေမယ်။ မြို့ပေါ်မှာ တကောင် အစားထိုးကျွေးမယ်။ ဒါတွေက သူတို့က အစီအစဉ်နဲ့ ရှိပြီးသားတွေ။ အသံဖိုင်တွေက ဘယ်လိုမှ ဖျောက်ဖျက်လို့မရတဲ့ နေရာ ၃ နေရာမှာ ရှိတယ်။ အစ်ကို ကိုင်ထားတာ မဟုတ်ဘူး။ အသက်အန္တရာယ် ထိခိုက်မှာ ဂရုမစိုက်ဘူး။ အဲဒီကောင်တွေ အောင်ဝင်းဇော်တို့ နောက်ကွယ်က လူတွေကို လုံးဝဂရုမစိုက်လို့ ဒီလို နေနေတာ။ မြန်မာပြည် တပြည်လုံး ပတ်သွားနေတာ။ ကြိုက်တဲ့ကောင် လာခဲ့။ ငါလည်း လူမိုက်ဘဝက လာတာပဲ။ ဘယ်သူမဆို ကိုယ့်ကို တိုက်ခိုက်လာမယ်ထင်ရင် လက်ဦးမှု ယူလိုက်။ ဦးရင် လုပ်သွားလိုက်။ ဒါက ဒီအချိန်မှာ ဒီစကားပဲ ပြောရမှာပဲ။ လူမိုက်စကား ပြောတာ မဟုတ်ဘူး။ ကိုယ့်ကို ထိခိုက်လာမယ်ထင်ရင်တော့ ဘယ်လိုလူမျိုးမှ လက်မခံဘူး။ ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့ အမြဲတမ်း အဆင်သင့်ပြင်ထားတယ်။ အသံဖိုင်တွေကို လက်ရှိမြန်မာနိုင်ငံအခြေအနေပေါ် မူတည်ပြီး ထုတ်သင့်တဲ့အချိန်မှာ ထုတ်ဖော်မယ်။ ဖုန်းတချက် ဆက်လိုက်လို့ ဒီအသံဖိုင်တွေ ထုတ်လိုက်ပါဆိုရင် ထွက်လာလိမ့်မယ်။ ဘယ်နေရာတွေမှာ ရှိတယ်ဆိုတာ လူတွေကို ပြောထားပြီးသား။ ကိုယ် တခုခုဖြစ်သွားရင်တောင်မှ ဒီအသံဖိုင်တွေ ဘယ်မှာရှိတယ်ဆိုတာ ပြောထားတဲ့လူ ရှိပြီးသားပဲ။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013