DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ်တွင် ပဲစိုက်ခင်းများ မှိုရောဂါပိုးကျရောက်၍ ပဲတောင်သူများ အရှုံးပေါ်
DVB
·
February 22, 2018
ဂန့်ဂေါမြို့နယ်တွင် ပဲစိုက်ခင်းများ မှိုရောဂါပိုးကျရောက်၍ ပဲတောင်သူများ အရှုံးပေါ်
Donate to DVB

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ထဲက  ပဲစိုက်ခင်းတွေမှာ  အဝါရောင် မှိုရောဂါပိုးတွေ ကျရောက်ပြီး ပဲပင်တွေ အသီးနည်းနေလို့  ဒေသခံတောင်သူတွေအရှုံးပေါ်နေပါတယ်။

ဂန့်ဂေါဒေသမှာ ဆောင်းသီးနှံအဖြစ် ယာခင်းတွေမှာ ပဲမျိုးစုံကို စိုက်ပျိုးကြပြီး အဲဒီအထဲက ထောပတ်ပဲ၊ ပဲနီလုံး၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း စတာတွေကို အဓိကစိုက်ပျိုးကြပါတယ်။

အချိန်အခါမဟုတ်မိုးရွာသွန်းခဲ့လို့ ဒေသတွင်း ဧကအများဆုံးစိုက်ပျိုးတဲ့ ထောပတ်ပဲပင် တွေမှာ အဝါရောင်မှိုရောဂါတစ်မျိုးကျရောနေတာလိုပ ပဲစိုက်တောင်သူတစ်ဦးကပြောပါတယ်။

"အပွင့်ပွင့်တဲ့အချိန်မှာ မိုးတွေကရွာတော့ အပွင့်တွေကြွေပြီး အသီးမတင်တော့ဘူး။ အပွင့်တွေလည်း ပွင့်ခြောက်လိုက်ကုန်တယ်။ စိုက်တဲ့အချိန်တုန်းကလည်း စိုက်ပြီးမိုးမိလို့ ပြန်ဖျက် ပြန်စိုက်ရတဲ့သူတွေရှိတယ်။ တစ်ချို့အပင်တွေက အခုမှပွင့်တုန်း။ ဒါလည်း ပုံမှန်အထွက်နှုန်း မရနိုင်တော့ဘူး။ အချိန်နှောင်းတော့တာကိုး။ အမှန်က အခုချိန်ဆို ပဲစေ့အစိုပြုတ်စားလို့ ရနေပြီလေ။ တောင်သူတွေကတော့ နှမ်းမှာရှုံးလိုက်၊ စပါးမှာရှုံးလိုက်၊ ပဲမှာရှုံးလိုက်နဲ့ နာလန်တောင် မထူနိုင်တော့ပါဘူး။ ဒီကြားထဲ ရာသီဥတုကတမျိုး၊ ဈေးမကောင်းတာကတမျိုး၊ အလုပ်သမားရှားလို့ ဈေးကြီးတာကတမျိုးနဲ့ တောင်သူလုပ်ရတာ အဆင်မပြေကြဘူး"

ထောပတ်ပဲက ပုံမှန်အနေအထားမှာ တစ်ဧကကို ပျမ်းမျှ ၂၅ တင်းနှုန်းထွက်ပါတယ်။ လက်ရှိအနေအထားအရ တစ်ဧကကို ပျမ်းမျှ ၅တင်းကနေ ၁၀ တင်းကြားအထိသာ ထွက်ရှိနိုင်တော့တယ်လို့သိရပါတယ်။

ဘော်ပြင်းရွာကသီးနှံပွဲစား ဦးအောင်သန်းကျော်က "မနှစ်ကတော့ တင်း၁သောင်းကျော်လောက် အရောင်းအဝယ်ဖြစ်တယ်။ ဒီနှစ်တော့ အဲဒီလောက် မရနိုင်တော့ဘူး။ လက်ရှိမှာဈေးကွက်မဆိုးဘူးလို့ပြောလို့ရပေမယ့် ပဲကမပေါ် သေးဘူး။ ပေါ်ပြီးတဲ့ ပဲစဉ်းငုံ၊ ပဲတီစိမ်းတွေကလည်း ဈေးမရှိဘူး။ ပြောရရင် ပဲပေါ်ချိန်ဆို ဒီဈေးရှိချင်မှရှိမှာ။ ရှိရင်လည်း ပဲရဲ့အရည်အသွေးက စကားပြောဦးမှာ။ ရွာတောင်သူ အနေနဲ့ကတော့ အဆင်မပြေတာတွေ များတယ်။"လို့ပြောပါတယ်။

လက်ရှိပေါက်ဈေးအရ ထောပတ်ပဲတစ်တင်းကို ၂၇၀၀၀ ကျပ်ရှိနေပါတယ်။ ထောပတ်ပဲတစ်ဧကကို စိုက်ပျိုးစရိတ် ၁၅၀၀၀၀ ကျပ်ကနေ ၂၀၀၀၀၀ ကျပ်ထိ ကုန်ကျမှု ရှိပြီး စစိုက်တဲ့အချိန်ကနေ ရိတ်သိမ်းချိန်ထိ ၄ လကြာမြင့်ပါတယ်။

လက်ရှိမှာ တောင်သူတွေ အနေနဲ့ကတော့ ပဲခင်းတွေအဆင်မပြေတဲ့အတွက် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေတွေ ပြန်မဆပ်နိုင်မှာကိုလည်း စိုးရိမ်မှုတွေရှိနေကြပါတယ်။

တောင်သူတွေကိုယ်တိုင်က စိုက်ပျိုးရေးအသိပညာ နည်းပါးတာ၊ စိုက်ပြီးပြန် မကြည့်တာတွေရှိသလို သက်ဆိုင်ရာ စိုက်ပျိုးရေးဌာနအနေနဲ့လည်း ကြိုတင်ကွင်းဆင်း အသိပညာပေးမှုတွေ အားနည်းတယ်လို့ဆိုပါတယ်။

စိုက်ပျိုးရေးဌာနအနေနဲ့ကတော့ တတ်နိုင်သလောက် အသိပညာပေး ဟောပြောတာတွေရှိပြီး ရာသီဥတု၊ စိုက်ပျိုးချိန်နောက်ကျမှု၊ တောင်သူတွေ အလေးမထားမှုတွေ လည်း ရှိတယ်လို့ စိုက်ပျိုးရေးဌာနတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013