DVB Logo
Home
မြန်မာသတင်း
အကယ်ဒမီ ရင်ခုန်ခွင့်ပေးလို့ ပရိသတ်ကို ကျေးဇူးတင်တယ်ဆိုသည့် အေးမြတ်သူ
DVB
·
February 22, 2018
အကယ်ဒမီ ရင်ခုန်ခွင့်ပေးလို့ ပရိသတ်ကို ကျေးဇူးတင်တယ်ဆိုသည့် အေးမြတ်သူ
Donate to DVB

 

၂၀၁၇ အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ "ခေါက်ထီးကလေး မလုံ့တလုံ့" ဇာတ်ကားနဲ့ အကယ်ဒမီမှန်းပေးနေတဲ့ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်လို့ သရုပ်ဆောင်အေးမြတ်သူက ပြောပါတယ်။

“အခုလိုမျိုး အကယ်ဒမီမှန်းပေးကြတဲ့ ပရိသတ်တွေကို၊ အေးမြတ်သူ တကယ်ကျေးဇူးတင် ပါတယ်။ အေးမြတ်သူကို တကယ်ချစ်တဲ့စိတ်နဲ့ အကယ်ဒမီကို ရင်ခုန်ခွင့်ပေးတယ်။ အဲဒီလို ကြားရတာနဲ့တင် အေးမြတ်သူကျေနပ်နေပါပြီ၊ အခုလို ကြိုးစားခွင့်ရတဲ့အတွက်ရော၊ ပရိသတ် တွေရဲ့ အားပေးမှုကိုရခဲ့တဲ့ ဇာတ်ကောင်ကို လုပ်ခွင့်ရတဲ့အတွက်လည်း တကယ်ကျေနပ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းက အကယ်ဒမီရဖို့ကို ဆုတောင်းပေးနေကြတာပါ။ ပြီးခဲ့တဲ့နှစ်ကမှစပြီး အကယ်ဒမီ ရင်ခုန်ခွင့်ရတာပါ။ အေးမြတ်သူအတွက် အကယ်ဒမီရင်ခုန်ခွင့်ဆိုတာလည်း နှစ်တိုင်းမရှိပါဘူး”  လို့သရုပ်ဆောင်အေးမြတ်သူကပြောပါတယ်။

“ခေါက်ထီးကလေးမလုံ့တလုံ” ရုပ်ရှင်ဇာတ်ကားမှာ စာရေးဆရာမကြီးစမ်းစမ်းနွဲ့ (သာယာဝတီ) ရဲ့ ဝတ္ထုကို၊ ဒါရိုက်တာမီးပွားက ရိုက်ကူးပုံဖော်ထားပြီး၊ သရုပ်ဆောင်တွေအဖြစ် မင်းမော်ကွန်း၊ အေးမြတ်သူ၊ စိုးပြည့်သဇင်တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

“ခေါက်ထီးကလေးမလုံ့တလုံ” ရုပ်ရှင်ဇာတ်ကားထဲက နုနုကြွေရဲ့ ဇာတ်ကောင်စရိုက်နဲ့ ပတ်သက်ပြီး အမှတ်တရတချို့နဲ့ အနုပညာသက်တမ်းတလျှောက်မှာ စိတ်အပင်ပန်းဆုံး သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်တခုဖြစ်ကြောင်းလည်း အေးမြတ်သူက ပြောပါတယ်။

“ခေါက်ထီးကလေးမလုံ့တလုံ့ ရုပ်ရှင်ဇာတ်ကားထဲမှာ နုနုကြွေဆိုတဲ့ကောင်မလေးပေါ့နော်၊ ဘဝမှာမှတ်မှတ်ထင်ထင် ဇာတ်ကောင်တွေမှာ သရုပ်ဆောင်တယ်လို့ပြောရင် ဒီနုနုကြွေဇာတ်ကောင်လည်းပါတယ်။ ထိပ်ဆုံးကလို့တောင် ပြောနိုင်ပါတယ်။ စိတ်အပင်ပန်းဆုံး လုပ်ရတဲ့ ဇာတ်ကောင်လည်းဖြစ်တယ်။ နုနုကြွေဖြစ်ဖို့ကို ဒါရိုက်တာရဲ့သင်ပြပေးမှု၊ မူရင်းဝတ္ထုကိုလည်း သေချာပြန်ဖတ်ရတယ်။ တကယ့်ဝါရင့် ဒါရိုက်တာကြီးနဲ့လည်း ရိုက်ခွင့်ရခဲ့တယ်။ နုနုကြွေမဖြစ်မှာကို အရမ်းစိုးရိမ်ခဲ့ရတယ်။ နုနုကြွေဖြစ်ဖို့ စိတ်နဲ့ပတ်သက်ပြီးတော့လည်း ပြင်ဆင်ခဲ့ရတယ်။ အမှတ်တရတွေကတော့ အများကြီးပါ။ အရမ်းအပင်ပန်းရဆုံးက နောက်ဆုံး နုနုကြွေသေတဲ့ အချိန်ပေါ့။ မိတ်ကပ်ပိုင်းအပြင်ကို ဝိတ်တွေလည်း လျော့ခဲ့ရတယ်။ တကယ့်ကို မှတ်မှတ်ရရ ရိုက်ကူးခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားပါ” လို့ ထပ်မံပြောပြပါတယ်။

သရုပ်ဆောင်အေးမြတ်သူကို သူမရဲ့ပရိသတ်တွေက ၂၀၁၆ ခုနှစ် အကယ်ဒမီပေးပွဲ ကတည်းက “မအေးပွင့်၊ မြင့်မြင့်စန်း၊ လမ်းသုံးဆယ်” ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီကို မှန်းပေးခဲ့တာဖြစ်ပါတယ်။

သတင်း - ကြယ်စု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013