
ပဲခူးတိုင်း ပြည်မြို့မှာ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး တရားမဝင် ငွေချေးငှားတာတွေ ရပ်ကွက်တွေအတွင်းမှာ ဖြစ်ပေါ်နေတာကြောင့် ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖေဖော်ဝါရီ ၂၁ ရက်မှာ ရပ်ကျေးရုံးတွေ၊ ထွေအုပ်ရုံးတွေကိုစာပို့ ဖြန့်ဝေပြီး သတိပေးစာ ထုတ်ပြန်ထားပါတယ်။
ငွေချေးရာမှာ အတိုးတလကို ၂ ကျပ်ခွဲ၊ ၁ ကျပ်ခွဲနှုန်းတွေနဲ့ လူတယောက်ကို ကျပ် ငွေ ၈ သိန်း၊ ၁၀ သိန်း၊ ၁၅ သိန်း ချေးမယ်၊ ပထမတနှစ်ကို အတိုးပဲ ဆပ်ရပြီး ဒုတိယနှစ်ကျမှ အရင်းအတိုး လတိုင်း ခွဲဆပ်ရတဲ့ ပုံစံအမျိုးနဲ့ ငွေချေးနေကြသလို လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်နေသူတွေလည်း ပါနေတယ်လို့ ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဝင်းက ပြောပါတယ်။
ချေးငွေရလိမ့်မယ်လို့ ယုံကြည်ပြီး လျှောက်လွှာဖိုး ကျပ် ၂၀၀၀၀ ပေးသွင်းထားသူ တယောက်ကတော့ ဖေဖော်ဝါရီလကုန်အထိ စောင့်ကြည့်ပြီး တကယ်မချေးဘူးဆိုရင် ရဲစခန်းမှာ သွားရောက်အမှုဖွင့်မယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ပြည်မြို့နယ်ထဲမှာ လုပ်ငန်းလိုင်စင်မရှိဘဲ ငွေချေးတဲ့ လုပ်ငန်းတွေ ရှိခဲ့ပြီး ငွေသိန်းရာနဲ့ချီပြီး ဒေသခံတွေ အလိမ်ခံခဲ့ရပါတယ်။
လုပ်ငန်းလိုင်စဉ်ရှိတဲ့ ငွေစုငွေချေး လုပ်ကိုင်နေတဲ့ SCL ကုမ္ပဏီကလည်း ပြည်နဲ့ အောင်လံမြို့တို့ကနေ သိန်းရာချီလိမ်လည်မှု ဖြစ်ခဲ့ပေမယ့် တရားစွဲ အရေးယူခံရတာတော့ ပြည်မြို့နယ်ထဲမှာ မရှိသေးဘူးလို့ ရဲတပ်ဖွဲ့ရုံးက သိရပါတယ်။











