
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးမှာ အာရက္ခတပ်တော် (AA)နဲ့ စစ်ကောင်စီတပ်တွေ မတ် ၂၅ ရက်ကတည်းက တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်တွေမြို့အနီးရှိ အမှတ် (၁၂) ရဲတပ်ရင်းနဲ့ ဒကစ ဌာနချုပ်ဘက်ကနေ မတ် ၂၉ ရက် မနက်အထိ လက်နက်ကြီးနဲ့ စက်သေနတ် ပစ်ခတ်သံတွေ ကြားနေရဆဲလို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။
စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံရေတပ်၊ တောကန်နဲ့ ကျားမသောက်ကျေးရွာအနီးတို့မှာ တိုက်ပွဲတွေ ပြင်းထန်နေကြတာဖြစ်ပြီး AA ဘက်က စစ်ကောင်စီရဲ့ ဒကစ-ဌာနချုပ်နဲ့ စစ်ကောင်စီတပ်ရင်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေသလို စစ်ကောင်စီဘက်လည်း စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ် ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာပါ။
ရခိုင်စစ်ရေးသတင်းရင်းမြစ်ယောက်က “စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က စစ်ကောင်စီ တပ်စခန်း ၄ ခု ထက်မနည်းမှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေကြတာရှိတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ လေကြောင်းကနေ ပစ်ကူပေးတိုက်ခိုက်နေတာတွေလည်း ရှိတယ်။ အထူးသဖြင့် လေကြောင်းကနေ စစ်တွေမြို့နယ်အစပ်က ရွာတွေကို ဂျက်ဖိုက်တာတွေ၊ Y-12 တွေကို သုံးပြီးတော့ တိုက်ခိုက်နေတာ။ ရပ်ရွာတွေလည်း ထိခိုက်ပျက်စီးမှုတွေ ရှိကြတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က မတ် ၂၇ ရက်နဲ့ ၂၈ ရက်တွေမှာ စစ်တွေမြို့နယ်က ဝါဘိုကျေးရွာ ပတ်ဝန်းကျင်၊ ပုဏ္ဏားကျွန်းမြို့နယ်က ကွန်းတောင်ကျေးရွာပတ်ဝန်းကျင်နဲ့ ရသေ့တောင်မြို့နယ်က ဆားပြင်ကြီးကျေးရွာ ပတ်ဝန်ကျင်းတွေကို လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျေးရွာတွေက နေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
AA ဘက်ကလည်း မတ် ၂၇ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ တပ်မတော်နေ့ အခမ်းအနား ကျင်းပနေတဲ့ ဒကစ-ဌာနချုပ်ကို အာရက္ခတပ်တော်က လက်နက်ကြီးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်တပ်က အရာရှိတွေနဲ့ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါ့အပြင် မတ် ၂၆ ရက်ညကလည်း စစ်တွေကို စစ်သင်္ဘောကြီးတစင်းနဲ့ အင်အားဖြည့်တင်းခဲ့တယ်လို့ စစ်တွေမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်ကောင်စီက စစ်တွေကို ရေကြောင်းကနေ အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်နေတယ်။ မတ် ၂၆ ရက် ညကလည်း စစ်တွေ ဆိပ်ကမ်းကနေ ကားတွေနဲ့ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ခဲ့တာတွေ ရှိတယ်။ လူအားအင်းဖြည့်တင်းမှု ပြုလုပ်တာ။ မတ်လအစောပိုင်းကလည်း ရေကြောင်းကနေ လက်နက်ခဲယမ်းဖြည့်တင်းမှုတွေ ပြုလုပ်ခဲ့တာရှိတယ်။ ညအချိန် ဖြည့်တင်းတာ ဖြစ်တာကြောင့် အင်အားအတိအကျတော့ မခန့်မှန်းတတ်ဘူး” လို့ပြောပါတယ်။
စစ်တွေမြို့နယ်မှာ ဖေဖော်ဝါရီ လကုန်းပိုင်းကလည်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြပြီး လက်ရှိ တိုက်ပွဲဖြစ်ပွားနေကြတဲ့ နေရာတွေဟာ စစ်တွေမြို့နဲ့ ၂ မိုင်ပတ်ဝန်းကျင်သာ ကွာဝေးတော့သလို ဒကစ-ဌာနချုပ်နဲ့လည်း ၃ မိုင်ပတ်ဝန်ကျင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေကြတာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အာရက္ခတပ်တော်ဟာ စစ်တွေမြို့နယ် နယ်နိမိတ်ချင်းထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အဲဒီမြို့နယ်တွေကတဆင့် စစ်တွေမြို့နယ်ကို စစ်ရေးအရ ဖိအားပေးတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။











