DVB Logo
Home
Lead Story
ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများကို ဗီဇာသက်တမ်း ၂ နှစ်တိုးပေးမည် - အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်
DVB
·
February 22, 2018
ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများကို ဗီဇာသက်တမ်း ၂ နှစ်တိုးပေးမည် - အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်
Donate to DVB

ထိုင်းနိုင်ငံရောက် မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ဗီဇာတိုးခြင်း၊ အလုပ်သမားကတ်ပြုလုပ်ခြင်း၊ ဆေးစစ်ခြင်း အစရှိတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ အားလုံးကို တနေရာတည်းအပြီး ဝန်ဆောင်မှုပေးဖို့ One Stop Service Center ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ထိုင်းနိုင်ငံရှိ ၇၆ ခရိုင်နဲ့ ဘန်ကောက်က နောက်ထပ် ၁ နေရာ စုစုပေါင်း ၇၇ နေရာမှာ ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး ဝန်ဆောင်မှုကာလကတော့ ၂၀၁၈ ဖေဖော်ဝါရီ ၅ ရက်မှ မတ်လ ၃၁ ရက်နေ့ထိ ဖြစ်တယ်လို့ သက်ဆိုင်ရာ ခရိုင်အလုပ်သမားရှာဖွေရေးရုံးတွေက ကြေညာထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ထိုင်း-မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တနေရာတည်းအပြီး ဝန်ဆောင်ပေးတဲ့စနစ် စတင်ပြီလို့ ထိုင်းသတင်းတွေမှာ တွေ့ရပါတယ်။ အလုပ်သမားတွေအတွက် ဘယ်လိုဝန်ဆောင်မှု လုပ်ပေးနေသလဲဆိုတာကို ရှင်းပြပေးပါလား။

“ဟုတ်ကဲ့၊ ဒီကိစ္စနဲ့ပတ်သက်လို့ ထိုင်း-မြန်မာ နှစ်နိုင်ငံဆိုင်ရာ အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်နေ့ နေပြည်တော်မှာ လုပ်ဖို့ရှိပါတယ်။ ဘယ်သူတွေကို လုပ်ပေးမလဲဆိုတော့ နိုင်ငံသား စိစစ်ပြီးသားသူတွေ၊ စီအိုင် (စာအုပ်အစိမ်း) သော်လည်းကောင်း၊ ပတ်စပို့စာအုပ်ကြီး ရပြီးသားသူတွေ၊ သူတို့တွေကို ဗီဇာ ၂ နှစ်တိုးပေးမယ်။ လာမယ့် မတ်လ ၃၁ ရက်နေ့မှာ နေထိုင်ခွင့် သက်တမ်းကုန်မယ့်သူတွေပေါ့နော်၊ အဲဒီလူတွေကို ဗီဇာတိုးပေးမယ်။ ခါတိုင်းလို ၃ လ တွေ ၄ လတွေ မတိုးတော့ဘူး။  ၂ နှစ်တခါတည်း တိုးပေးမယ်။”

“ခါတိုင်းဆို ဗီဇာတိုးမယ်ဆိုရင် လဝကရုံးသွားရမယ်။ အလုပ်လုပ်ခွင့် သက်တမ်းတိုးဖို့ အလုပ်သမားရုံး သွားရမယ်။ သက်ဆိုင်ရာ မြို့နယ်ဆေးရုံ သွားရမယ်၊ အခုက အဲဒီလုပ်ငန်းလေးတွေ စုပြီးတော့ တနေရာတည်းမှာ အကုန်လုပ်ပေးမှာ One Stop Service ပေါ့။ ဆေးစစ်လည်း အဲဒီမှာပဲ၊ ဗီဇာတိုးလည်း အဲဒီမှာပဲ၊ အလုပ်သမားတွေဘက်က လိုအပ်တဲ့ စီဗွီ ကိုယ်ရေးအချက်အလက်တွေလည်း ထိုင်းဘက်ကယူမယ်။ သူတို့ဘက်က စာရွက်စာတမ်းတွေ ပြန်ထုတ်ပေးမယ်ပေါ့။ ဟိုနေရာသွားတန်းစီ၊ ဒီနေရာထပ်သွား အဲဒါမျိုးတွေ လျော့သွားအောင် လုပ်ပေးတာပါပဲ။”

ဒီ One Stop Service မှာ သွားပြီးတော့ ဆက်သွယ်ဆောင်ရွက်လို့ရမယ့် အလုပ်သမားတွေက ဘယ်လို စာအုပ်အမျိုးအစား ကိုင်ဆောင်ထားသူတွေ ဖြစ်ဖို့လိုမလဲ။

“ပထမဆုံး ကျနော်တို့နိုင်ငံက ထုတ်ပေးထားတဲ့ ယာယီနိုင်ငံကူးလက်မှတ် (ခရမ်းရောင်)၊ နောက်တခုက TR/38 ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာပြီးတော့ ထိုင်းအစိုးရက ယာယီအလုပ်လုပ်ခွင့်လက်မှတ် ထုတ်ပေးထားတာရှိတယ်။ နောက်တခုက အဲဒီထဲမှာ မပါဘဲနဲ့ ဘာအထောက်အထားမှမရှိဘဲ ပြီးခဲ့တဲ့နှစ်ကမှ အလုပ်ရှင်နဲ့ အလုပ်သမားတွဲပြီး မှတ်ပုံတင် အင်တာဗျူး အောင်ထားတဲ့သူတွေပေါ့။ အဲဒီလူတွေက ပထမအဆင့် ဘာလုပ်ရမလဲဆိုတော့ ကိုယ့်ရဲ့ နေထိုင်ခွင့်သက်တမ်းကာလ ရှိရင်ရှိသလို စီအိုင် (အစိမ်းရောင်ကတ်) လုပ်ရမယ်၊ ယာယီပတ်စ်ပို့ကလည်း ပီဂျေ ပြောင်းရမယ်ပေါ့၊ ပြီးရင် နေထိုင်ခွင့်ဗီဇာ လုပ်ရမှာပေါ့။”

ဘာအထောက်အထားမှ မရှိသေးတဲ့ လူတွေအတွက်ကရော။

“ဘာမှမရှိသေးတဲ့လူတွေအတွက်တော့ မသက်ဆိုင်ပါဘူးခင်ဗျ။”

ဒီ One Stop Service နေရာတွေကို လာပြီး ဆက်သွယ်ဆောင်ရွက်ရမယ့် အလုပ်သမားဦးရေ ခန့်မှန်းခြေ ဘယ်လောက်ရှိမယ်ထင်လဲ။

“ထိုင်းအလုပ်သမားရုံးက ထုတ်ပြန်တာတော့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံလုံး အလုပ်သမားပေါင်း ၁ သန်းနဲ့ ၉ သိန်းလောက်ရှိတယ်လို့ ဆိုပါတယ်။

အရင်ကဖွင့်ထားတဲ့ မဲဆောက်၊ မယ်ဆိုင်၊ ရနောင်း၊ မဟာချိုင် စတဲ့မြို့တွေက  စီအိုင်ထုတ်ပေးတဲ့ စခန်းတွေရော ဖွင့်နေတုန်းပဲလား၊ ဒီနေ့ ထိုင်းအစိုးရက ထပ်ဖွင့်တဲ့ One Stop Service စခန်းတွေနဲ့ ဘာကွာသလဲ။

“အရင်တုန်းကလုပ်ခဲ့တဲ့ One Stop Service နဲ့ ကျနော်တို့စခန်းနဲ့ တွဲလုပ်ခဲ့တယ်ဆိုတာ အခုလည်းရှိတယ်၊ အခုလည်း လုပ်နေတုန်းပဲ။ ဒါပေမယ့် အဲဒါက မြန်မာနိုင်ငံဘက်အခြမ်းကနေပြီးတော့ ကိုယ့်နိုင်ငံသားတွေအတွက် လုပ်ပေးတာပေါ့။ ထိုင်းဘက်ခြမ်းက လိုအပ်နေတာကို နှစ်နိုင်ငံအစိုးရအနေနဲ့ ညှိပြီးတော့ အလုပ်သမားတွေ အဆင်ပြေအောင် လုပ်ပေးတာပါ။ အခု ဗီဇာလုပ်တယ်ဆိုတာက သူ့နိုင်ငံဘက်မှာ နေထိုင်ခွင့်ရဖို့အတွက်ကို အရင်တုန်းက ဟိုဌာနဒီဌာန လျှောက်သွားနေရတာကို တနေရာတည်းမှာ လုပ်လို့ရအောင် လုပ်ပေးတာပဲ ဖြစ်ပါတယ်။"

ဟုတ်ကဲ့၊ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013