
တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကြေညာချက်ထုတ်ပြန်ခဲ့သူ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) ပြန်ကြားရေးတာဝန်ခံ ဒုဥက္ကဋ္ဌဟောင်း ဦးခိုင်မျိုးထွန်း ဒီကနေ့ မနက်ပိုင်းက စစ်တွေ အကျဉ်းထောင်က လွတ်မြောက်လာပါတယ်။
ဦးခိုင်မျိုးထွန်းဟာ လူ့အခွင့်အရေးလှုပ်ရှားသူတဦးဖြစ်ပြီး စစ်တွေထောင်မှာ ၁၈ လကြာနေခဲ့ ပြီးနောက် အာဏာပိုင်တွေက ဒီကနေ့မှာ လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားရာမှာ တပ်မတော်က ရွာသားတွေကို ဖမ်းဆီးနှိပ်စက် လူ့အခွင့်အရေး ချိုးဖောက်မှု ရှိကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီက ၂၀၁၆ ဧပြီ ၂၄ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ဦးခိုင်မျိုးထွန်းကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုဗိုလ်မှူးကြီး တင်နိုင်ထွန်းက ပြီးခဲ့တဲ့၂၀၁၆ခုနှစ် မေလ ၆ ရက်မှာ တရားလို ပြုလုပ် ပြီးတော့ ပုဒ်မ ၅၀၅ (ခ) ၅၀၅ (ဂ) နဲ့ စစ်တွေမြို့နယ် တရားရုံးမှာ ဦးတိုက် လျှောက်ထားတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့ စစ်တွေမြို့နယ် တရားရုံးက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) ပြန်ကြားရေးတာဝန်ခံ ဒုဥက္ကဋ္ဌဟောင်း ဦးခိုင်မျိုးထွန်းကို တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကြေညာချက်ထုတ်ပြန်ခဲ့တာကြောင့်ထောင်ဒဏ် ၁ နှစ်နဲ့ ၆ လ ချမှတ်ခံလိုက်ရတာပါ။
ဒီကနေ့ ဦးခိုင်မျိုးထွန်းရဲ့လွှတ်လာမှာကိုစစ်တွေထောင်ပေါက်ဝမှာပြည်သူ ၁၀၀ ဝန်းကျင်က လာရောက်စောင့် ဆိုင်းကြိုဆိုခဲ့ကြပါတယ်။
ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ကို ၁၉၆၇ ခုနှစ်က စတင်ဖွဲ့စည်းကာ သီးခြား လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်နေတာဖြစ်ပြီး ၂၀၁၂ ဧပြီ ၆ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပါတယ်။
၂၀၁၅ အောက်တိုဘာ ၁၅ ရက်မှာတော့ ALP အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရအကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (အန်စီအေ) ကို နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
သတင်း - ဝဏ္ဏခွာညို၊ ဓာတ်ပုံ - ဗဂျီးကျော်











