DVB Logo
Home
မြန်မာသတင်း
လားရှိုးရိုးမဘဏ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား (ရုပ်သံ)
DVB
·
February 21, 2018
လားရှိုးရိုးမဘဏ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား (ရုပ်သံ)
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ  ရိုးမဘဏ်ခွဲ ၁ မှာ ဒီနေ့ ညနေ ၄ နာရီခွဲကျော်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရိုးမဘဏ်အတွင်းကို အပြင်ဘက်နေ ဗုံးပစ်သွင်းခံခဲ့ရတာကြောင့် ဘဏ်ရဲ့မျက်နှာစာ မှန်တွေကွဲပြီး ဆိုးဆိုးရွားရွားပျက်စီးသွားတယ်လို့ ဘဏ်အနီးမှာ ရောက်နေသူတယောက်က ဒီဗွီဘီကိုပြောပါတယ်။

“ တယောက်က ခေါင်းပေါက်တယ်။ တယောက်က ခြေထောက်မှာ ဒဏ်ရာရတယ်။ ရိုးမဘဏ်မှာတော့ သေတာရှိတယ်လို့တော့ သိရတယ်။ အတိအကျ မသိရသေးဘူး” လို့ ပြောပါတယ်။

လားရှိုးဒေသခံတဦးက “ပေါက်ကွဲသံအကျယ်ကြီးကြားပြီး ကြောက်လို့ တံခါးတွေ အကုန်ပိတ်ပြီး အိမ်ထဲနေနေတယ်။ ရိုးမဘဏ်မှာလုပ်တဲ့ အသိတယောက်အိမ်ကို ဖုံးဆက်တာ ၀န်ထမ်းတွေကို သက်ဆိုင်ရာက အပြင်ပေးမထွက်သေးဘူး။ ဖုန်းတွေလဲ ပိတ်ထားတယ်လို့ပြောတယ်။ ထိခိုက်ဒဏ်ရာရသူလဲများတယ်လို့ မြို့ထဲပြောနေကြတယ်၊ ဒါပေမယ့် အတိအကျမသိဘူး။ အဲဒီနားကို ဘယ်သူမှ သွားလာလို့မရတော့ဘူး”လို့ပြောပါတယ်။

လတ်တလော လားရှိုးရိုးမဘဏ်တွင်းမှာ စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတို့ ရောက်ရှိနေကြပါတယ်။ အနီးအနားက ဧရာဝတီဘဏ်နဲ့  ပြည်နယ်ကျန်းမာရေးဌာန အဆောက်အအုံမှာလည်း မှန်တွေကွဲသွားတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။

နောက်ထပ်ဗုံးတစ်လုံးထပ်တွေ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းနေတယ်လို့လည်း အတည်မပြုနိုင်သေးတဲ့သတင်းတွေထွက်နေပါတယ်။ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကို ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ရိုးမဘဏ်ကတော့ “ယနေ့ ညနေ ၄ နာရီခွဲဝန်းကျင် ရိုးမဘဏ် (လားရှိုး-၁) ဘဏ်ခွဲအနီးတွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ပေါက်ကွဲမှု ဖြစ်ရတဲ့ အကြောင်းအရင်းကို သိရှိရခြင်း မရှိရသေးပဲ သက်ဆိုင်ရာအဖွဲအစည်းတွေနဲ့ အတူတကွ လုပ်ဆောင်နေပြီး ပေါက်ကွဲမှုကြောင့် ရိုးမဘဏ် ဝန်ထမ်းအချို့ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ပျက်စီးမှုတွေ ရှိခဲ့တယ်”လို့ သတင်းထုတ်ပြန်ထားပါတယ်။

ရုပ်သံ - မင်းညွှန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013