DVB Logo
Home
မြန်မာသတင်း
သံတွဲမြို့နယ်၌ ၁၀တန်းစာမေးပွဲဖြေကျောင်းသားများအပေါ် ခွဲခြားဆက်ဆံမှု မိဘများကန့်ကွက်
DVB
·
February 21, 2018
သံတွဲမြို့နယ်၌ ၁၀တန်းစာမေးပွဲဖြေကျောင်းသားများအပေါ် ခွဲခြားဆက်ဆံမှု မိဘများကန့်ကွက်
Donate to DVB

 

ရခိုင်ပြည်နယ် သံတွဲမြို့နယ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေမယ့် အစ္စလာမ်ဘာသာဝင် ကျောင်းသားတွေကို ခုံနံပါတ်ခွဲခြားလိုက်သလို ဘင်္ဂလီဆိုပြီး ဖော်ပြခဲ့တာကြောင့် ကျောင်းသား မိဘတွေက ကန့်ကွက်ခဲ့ကြပါတယ်။

မကြာခင်ဖြေဆိုရတော့မယ့် ဆယ်တန်း စာမေးပွဲဖြေဆိုခွင့် စာရင်းတွေကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ကစကြေညာခဲ့ပြီး နောက်နေ့မှာပဲ ပြန်သိမ်းယူသွားတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

ကျောင်းသားမိဘ ဒေါ်အေးအေးလွင်က “ဖြေဆိုခွင့်ကတ်ပြားထုတ်တဲ့ အချိန်မှာ သူတို့ရဲ့ လက်ခံစာအုပ်ထဲမှာ ဘင်္ဂါလီလို့ ရေးထားတယ်။ ဖြေရမယ့် ကျောင်းတွေ ကြေညာတာ မှာလည်း ကျောင်းနာမည်ဘေးမှာ ဘင်္ဂါလီလို့ ရေးထားတယ်။ ခရိုင်နဲ့ မြို့နယ် ပညာရေးမှူးတွေနဲ့ သွားတွေ့တော့ သူတို့လုပ်တာ မဟုတ်ပါဘူးလို့ ပြောတယ်။ ပြီးတော့ ပြည်နယ်က ညွှန်ကြား ထားတယ်ဆိုတဲ့ စာကိုပြတယ်။ အဲဒီစာမှာလည်း ရက်စွဲတွေက အမှားမှား အယွင်းယွင်နဲ့။ ကျမတို့က ဘင်္ဂါလီလည်း မဟုတ်ဘူး။ ပညာရေးဌာနက ဒီလို ခွဲခြားတာက တော်တော်ဆိုးနေပြီ” လို့ ပြောပါတယ်။

ကျောင်းသားမိဘတွေ သွားရောက်တွေ့ဆုံပြီးတဲ့နောက် ဘင်္ဂါလီဆိုတဲ့ အသုံးအနှုန်းကို ဖြုတ်ပေးဖို့ ပညာရေးမှူးက ကတိပေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ကျောင်းသားမိဘတယောက်ဖြစ်တဲ့ ဦးဉာဏ်ရည်ဖြိုးကလည်း “ဒီလိုလုပ်တာကို သမ္မတမသိဘူးလား။ နိုင်ငံတော် အတိုင်ပင်ခံ မသိဘူးလား။ ပညာရေးဝန်ကြီး မသိဘူးလား။ မသိဘဲနဲ့ လုပ်လို့ရလား။ ခုလို ခွဲခြားဖြေခိုင်းမယ်ဆိုတာက ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးလိုက်တာပဲ”လို့ ပြောပါတယ်။

ကျောင်းသားစာရင်းတွေ ခွဲခြားပြုစုပေးဖို့ လက်မှတ်ရေးထုတ်ပြန်ခဲ့တဲ့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက  ဒုညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက “အခုတော့ ခုံနံပါတ်တွေလည်း နာမည်အလိုက် စဉ် ပေးလိုက်ပါပြီ။ ခွဲပြီးတော့လည်း မဖြေရတော့ပါဘူး။ အစိုးရကို တင်ပြတဲ့အခါ ကျောင်းသားစာရင်းတွေကို ခွဲခြားပေးရပါတယ်။ အောင်ချက်စာရင်းပို့တဲ့အခါလည်း ခွဲပြီး ပို့ရပါတယ်။ စာထုတ်တာက စာရင်းကို ခွဲခြားပေးဖို့ပါ” လို့ ပြောပါတယ်။

စာမေးပွဲဖြေမယ့် ကျောင်းသားတွေအနေနဲ့ သံတွဲမြို့နယ်မှာသာမက  ပြည်နယ်တစ်ခုလုံး မှာပါ ခွဲခြားဖြေစရာမလိုဘူးလို့လည်း သူက ပြောပါတယ်။

မြို့နယ် ပညာရေးမှူး ဦးစောဝင်းက “မြန်မာနိုင်ငံစာစစ်ဌာနက စာရင်းအသစ်တွေ ပို့လိုက်ပါပြီ။ ကျနော် အခုပဲ လေဆိပ်က ယူလာနေတာပါ။ ဒီမှာ လူမျိုးခွဲရေးထားတာလည်း မရှိပါဘူး။ ခုံနံပါတ်တွေလည်း မခွဲပါဘူး။ ဖြေရင်လည်း အတူတူပဲ ဖြေရပါမယ်။ ကျနော်တို့ စာရင်းပို့တုန်းကလည်း လူမျိုးကို ထည့်မရေးပေးပါဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။

၂၀၁၂ ခုနှစ်တုန်းကတော့ အစ္စလာမ်ဘာသာဝင်ကျောင်းသူကျောင်းသားတွေကို သီးသန့်အခန်းတွေ ခွဲပြီး ဖြေဆိုခိုင်းတာရှိခဲ့ဖူးပေမယ့်  နောက်ပိုင်းမှာတော့ အတူတူပဲ ဖြေခဲ့ရတာပါ။

သံတွဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း ရပ်မိရပ်ဖ ဦးစိုးမြင့်က “ဒီကျောင်းသားတွေကျောင်းမှာလည်းအတူတူ၊ ကျူရှင်မှာလည်း အတူတူတက်နေပြီးမှ စာမေးပွဲကို ခွဲဖြေရမယ်ဆိုတော့ စိတ်အနှောင့်အယှက်ဖြစ်စေတာပေါ့။ တည်ငြိမ်မှုကို ပျက်စေတာပေါ့” လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၇ ရက်ကနေ ၁၆ ရက်နေ့အထိ ဖြေကြားရမှာဖြစ်ပြီး ဖြေဆိုခွင့် ကတ်ပြားတွေကိုတော့ ဖေဖော်ဝါရီ ၁၉ ရက်ကစပြီး ထုတ်ယူနိုင်တယ်လို့ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013