DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်း ထိရောက်စွာတားဆီးရန် မှုခင်းကာကွယ်ရေးမဟာဗျူဟာကို ပြန်သုံးသပ်နေ
DVB
·
February 21, 2018
သက်ငယ်မုဒိမ်း ထိရောက်စွာတားဆီးရန် မှုခင်းကာကွယ်ရေးမဟာဗျူဟာကို ပြန်သုံးသပ်နေ
Donate to DVB

 

သက်ငယ်မုဒိမ်းအပါအ၀င် ပြစ်မှုကြီးတွေအတွက် ထိရောက်တဲ့ဟန့်တားမှုဖြစ်အောင် မှုခင်းကာကွယ်ရေးမဟာဗျူဟာကို ပြန်သုံးသပ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက် အမျိုးသားလွှတ်တော်အစည်းအပြီးမှာ မီဒီယာတွေရဲ့ မေးမြန်းတွေ ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အခုလို ပြန်လည်ဖြေဆိုတာပါ။

ဝန်ကြီးဌာနတွေ၊ လူမှုအဖွဲ့အစည်းတွေပူးပေါင်းပြီး ပြည်သူတွေကို သက်ငယ်မုဒိန်းမှု မဖြစ်အောင် ဘယ်လိုပြုမူနေထိုင်သင့်တယ်ဆိုတာ အသိပညာပေးရေးလမ်းစဉ်ကို တိုးမြှင့် လုပ်ဆောင်နေသလို သက်ငယ်မုဒိန်းဖြစ်နိုင်ခြေရှိတဲ့နေရာတွေကို ဦးစားပေးပြီး မှုခင်း ကာကွယ်ရေး မဟာဗျူဟာနဲ့အညီ နယ်မြေအလိုက် တိုးမြှင့်ဆောင်ရွက်ဖို့ လိုတဲ့နေရာတွေကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက “ဥပဒေပြင်ဆင်ရေးကတော့ ဥပဒေရေးဆွဲတဲ့ လုပ်ငန်းစဉ်အတိုင်း တဖက်ကတော့ သွားနေတာပေါ့။ ကျနော်တို့ ဖေဖော်ဝါရီလကုန်က စပြီးတော့ သက်ငယ်မုဒိန်းမှုအပါအဝင် ပြစ်မှုကြီးတွေအတွက် ကျနော်တို့ မှုခင်းကာကွယ်ရေးမဟာဗျူဟာကို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ လေ့လာသုံးသပ်ပြီးတော့ ဒါကိုထိရောက် ဟန့်တားတဲ့ လုပ်ငန်းစဉ်ဖြစ်ပေါ်ဖို့ အလေးထားဆောင်ရွက်နေပါတယ်။ ဒီကိစ္စတွေဖြစ်ပေါ်တဲ့အပေါ်မှာလည်း ကျနော်တို့ ကြားသိနေရတာ စိတ်ထဲမှာမကောင်းပါဘူး။ ဒါကြောင့် ဒီလုပ်ငန်းစဉ်ကို အလေးအနက် ထားပြီး နေ့စဉ်ဆောင်ရွက်ထားပါတယ် ” လို့ ဆိုပါတယ်။

သက်ငယ်မုဒိန်းနဲ့ လူသတ်မုဒိန်းတွေကိုသေဒဏ်ပေးဖို့ တောင်းဆိုမှုတွေ လူထုကြားမှာ ပိုမိုမြင့်တက်လာနေပြီး လူထုလက်မှတ် ကောက်ခံကာ လွှတ်တော်ကိုတင်သွင်းဖိုပ လှုပ်ရှားမှုပြုလုပ်နေတာတွေ ရှိပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အသက် ၁၆ နှစ်အောက် ကလေးသူငယ်တွေ မုဒိမ်းပြုကျင့်ခံရတဲ့အမှုတွေဟာ၂၀၁၆ ခုနှစ်မှာ ၆၇၁ မှု၊ ၂၀၁၇ ခုနှစ်မှာ ၈၉၇ မှုဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကထက် ၂၂၆ မှု တိုးလာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013