
အဂတိလိုက်စားလို့ ရဲစခန်းတွေမှာ အမှုဖွင့်ခံရပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၁၂ ဦးရဲ့ ဓာတ်ပုံတွေနဲ့ ကိုယ်ရေးအချက်အလက်တွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။
အဂတိလိုက်စားမှု တရားခံပြေးတွေကို ဖမ်းဆီးရမိနိုင်ရေး သတင်းပေး တိုင်ကြားနိုင်ဖို့ အခုလို ကိုယ်ရေးအချက်အလက်တွေ ထုတ်ပြန်ရတာလို့ ရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ ရဲဇာနည်သတင်းမှာ ဖော်ပြပါတယ်။
ကော်မရှင်က ထုတ်ပြန်လိုက်တဲ့ ၁၂ ဦးရဲ့ ကိုယ်ရေးအချက်အလက်တွေအရ ထွက်ပြေးနေသူတွေထဲမှာ ရှေ့နေ၊ ပညာရေးဝန်ထမ်း၊ တောအုပ်၊ ရဲအုပ်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြေစာရင်းအရာရှိ၊ မြေတိုင်းစာရေး၊ မြို့နယ်တရားသူကြီး၊ မြို့နယ်ဥပဒေအရာရှိ စသူတွေ ပါဝင်ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးခဲ့တဲ့ အမှုတွေမှာ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆၊ ၅၇၊ ၆၃ တို့အရ သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုဖွင့်လှစ်ပြီး တရားစွဲဆိုခဲ့တဲ့ အမှုတွေအနက် တရားခံ ၁၂ ဦး ထွက်ပြေး တိမ်းရှောင်နေတာပါ။
ကော်မရှင်အနေနဲ့ အမှုတွေ ပြီးပြတ်အောင် ဆောင်ရွက်နိုင်ဖို့အတွက် တရားခံပြေး ၁၂ ဦးကို ဖမ်းဆီးရမိနိုင်ရေး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွေနဲ့ ရဲစခန်းတွေကို သတင်းပေး တိုင်ကြားနိုင်ဖို့ ထုတ်ပြန်တာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ရဲဇာနည်











