DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးအတွက် နှစ် ၇၀ ထပ်မစောင့်နိုင်သဖြင့် ၀ိုင်းဝန်းကူညီကြရန် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ
DVB
·
February 21, 2018
ငြိမ်းချမ်းရေးအတွက် နှစ် ၇၀ ထပ်မစောင့်နိုင်သဖြင့် ၀ိုင်းဝန်းကူညီကြရန် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ
Donate to DVB

 

ငြိမ်းချမ်းရေးရဖို့ နောက်ထပ် နှစ် ၇၀ စောင့်ဖို့ လုံးဝ မဖြစ်နိုင်တာကြောင့် ငြိမ်ချမ်းရေးရှိဖို့အတွက် ၀ိုင်းဝန်းကူညီကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၀ရက်ညက နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ နှစ် (၇၀) ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

“ငြိမ်းချမ်းရေးလမ်းဆိုတာက မရှည်အောင်လုပ်ဖို့ အရေးကြီးပါတယ်။ အကြောင်းကြောင်း ကြောင့် ရှည်ခဲ့ရင်လည်း လျှောက်လှမ်းရာမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ လျှောက်လှမ်းနိုင်ဖို့၊ အားလုံးဝိုင်းပြီးတော့ ပံ့ပိုးပေးဖို့ဆိုတာ အင်မတန်မှအရေးကြီးပါတယ်။ အခု ငြိမ်းချမ်းရေးကို လျှောက်ခဲ့တာဆိုတာလည်း နှစ်(၇၀)ပေါ့၊ ကျွန်မတို့ လွတ်လပ်ရေးနဲ့ အတူတူပဲ၊ ချင်းတိုင်းရင်းသားများရဲ့ အမျိုးသားနေ့လည်း အတူတူပါပဲ။ နှစ်(၇၀)ရှိပါပြီ။ နှစ်(၇၀)ရှိခဲ့ပေမယ့် ကျွန်မတို့ မရသေးပါဘူး။ ရဖို့ နောက်ထပ်နှစ်(၇၀)စောင့်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပါ။ ကျွန်မတို့ရဲ့ လူငယ်များဟာ အင်မတန်မှလုံခြုံတဲ့ အနာဂတ် အတွက် အာမခံချက်ရှိအောင်လို့ ငြိမ်းချမ်းရေးရဖို့အတွက် တစ်ဦးချင်၊ တစ်ဦးချင်းကနေပြီးတော့ ဝိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ကျွန်မက အခွင့်ကြုံတုန်း မေတ္တာရပ်ခံ လိုပါတယ်။”

ဒီလိုသာ ၀ိုင်းဝန်းကူညီကြမယ်ဆိုရင် ပြည်ထောင်စုကြီး ခိုင်မြဲမယ်၊ သာယာမယ်၊ တိုးတက်မယ်။ ပြည်ထောင်စု တိုင်းရင်းသူ တိုင်းရင်းသားတွေအားလုံးလည်း သာသာယာယာ ဖွံ့ဖွံ့ဖြိုးဖြိုးနဲ့ တိုးတက်မှုကိုရရှိကြမှာဖြစ်တယ်။ ဒါကြောင့်မို့  ချင်း အမျိုးသားနေ့မှာ ငြိမ်းချမ်းရေး ရဖို့အတွက်၊ ပြည်ထောင်စုကြီး ခိုင်မြဲတည်တံ့ဖို့အတွက် ဝိုင်းဝန်းကြိုးစားကြမယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို ချချင်ပါတယ်လို့လည်း ပြောသွားပါတယ်။

နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ( MICC-II ) မှာ ကျင်းပတဲ့ နှစ် (၇၀)ပြည့် ချင်းအမျိုးသားနေ့အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ တက်ရောက်အားပေးကြပါတယ်။

အခမ်းအနားမှာ ချင်းပြည်နယ်အတွင်း လူမှုအကျိုးစီးပွားဖြစ်ထွန်းအောင် ကူညီခဲ့သူတွေနဲ့ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် မှာ Ph.D ပါရဂူဘွဲ့ ရရှိခဲ့သူတွေကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်ချီးမြှင့်ပြီး တိုင်းရင်းသားရိုးရာအကတွေနဲ့ ကပြဖျော်ဖြေတင်ဆက်ခဲ့ကြတယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013