DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာ ဗုဒ္ဓဓမ္မစင်တာ နေပြည်တော်တွင် တည်ဆောက်မည်
DVB
·
February 21, 2018
နိုင်ငံတကာ ဗုဒ္ဓဓမ္မစင်တာ နေပြည်တော်တွင် တည်ဆောက်မည်
Donate to DVB

ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေး ပူးပေါင်းဆောင်ရွက်ရန် နေပြည်တော်မှာ နိုင်ငံတကာ ဗုဒ္ဓဓမ္မစင်တာ တည်ဆောက်ဖို့  တရုတ်-မြန်မာ သဘောတူညီမှု ရရှိသွားတယ်လို့ အစိုးရပြန်ကြားရေး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအဖွဲ့ ဒုဥက္ကဋ္ဌ ရှန်ဟိုင်းဒေသကြီး ဗုဒ္ဓဘာသာအဖွဲ့ဥက္ကဋ္ဌ ရှန်ဟိုင်းမြို့ ကျင်အန်းဘုရားကျောင်း ပဓာနနာယကဆရာတော် ဟူအီမင်း ခေါင်းဆောင်တဲ့  ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ လာရောက်ပြီး နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်ကြီးတွေနဲ့ တွေ့ဆုံစဉ် သဘောတူညီမှုရခဲ့တာပါ။

မြန်မာနိုင်ငံ ထေရဝါဒဗုဒ္ဓဘာသာနဲ့  တရုတ်နိုင်ငံ မဟာယာန ဗုဒ္ဓဘာသာအဖွဲ့တို့အကြား သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ နေပြည်တော်မှာ နိုင်ငံတော်အစိုးရက ချမှတ်ထားတဲ့ မူဝါဒနဲ့အညီ ဗုဒ္ဓဘာသာ ကမ္ဘာအနှံ့ ပြန့်ပွားစေဖို့ နိုင်ငံတကာ ဗုဒ္ဓဓမ္မစင်တာ တည်ဆောက်လိုပါကြောင်း တရုတ်နိုင်ငံက ဆရာတော်တွေက တင်ပြလျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးကလည်း "နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ ဗုဒ္ဓဘာသာ ထွန်းကားရေးအလို့ငှာ နိုင်ငံတကာ ဗုဒ္ဓဓမ္မစင်တာ ဆောက်လုပ်ဖို့ မူအားဖြင့် သဘောတူညီကြောင်း မိန့်ကြားတယ်"လို့ သိရပါတယ်။

အခြားကမ္ဘာ့နိုင်ငံတွေရှိ ဘာသာတွေနဲ့ နှိုင်းယှဉ်ပါက ဗုဒ္ဓဘာသာအင်အားမှာ အလွန်နည်းပါးနေတဲ့အတွက်  ဗုဒ္ဓဘာသာ နှစ်ရပ်ပေါင်း ဆောင်ရွက်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်စေမယ့် သာသနာပြုလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ရေးအတွက် နိုင်ငံတကာ ဗုဒ္ဓဓမ္မစင်တာကို နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ရဲ့ ဦးဆောင်မှုအောက် ထားရှိပြီး ဆောင်ရွက်သွားမယ်လို့လည်း သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

"နိုင်ငံတကာဗုဒ္ဓဓမ္မစင်တာတခု နေပြည်တော်မှာ တည်ဆောက်ဖို့ မြေနေရာ ရရှိစေရေးအတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်။ ဒီအတွက် သာသနာရေးဦးစီးဌာနက ဦးဆောင်တဲ့ ကော်မတီတရပ် ဖွဲ့စည်းဆောင်ရွက်သွားမယ်"လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအဖွဲ့ဟာ မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရှိစေဖို့  ဇန်နဝါရီ ၇ ရက်မှ ၁၄ ရက်ထိ မြန်မာနိုင်ငံကို သာသနာပြုခရီး လာရောက်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ- The Mirror Daily

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013