
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ငွေကျပ်သိန်းပေါင်း သောင်းချီ ကုန်ကျခံပြီး စကျင်ကျောက်ပြားပေါ်မှာ မွန်ဘာသာနဲ့ ရေးထိုးမယ့် ပဋိကတ်သုံးပုံ ကျောက်စာနဲ့ စေတီတွေ တည်ထားဖို့ ကျိုက်ဒေတမော့ဗရတ် သာသနာပြုဌာန ဦးဆောင်ဆရာတော် ဘဒ္ဒန္တပုပ္ဖရမ္မက ဦးဆောင်ပြီး ဆောင်ရွက်နေပါတယ်။
တူးမြောင်းကျေးရွာအုပ်စုရှိ မြေဧက ၂၀ ပေါ်မှာ ပြုလုပ်မယ့် ပုပ္ဖရမ္မဓမ္မရာဇိက အမည်ရ မွန်ဘာသာ ပဋိကတ်သုံးပုံ ကျောက်စာစေတီမှာ အမြင့် ၆ ပေ၊ အလျား ၃ ပေ၊ အထူ ၄ လက်မရှိ ကျောက်စာချပ်ရေပေါင်း ၁၅၀၀နှင့် ကျောက်စာနဲ့ တွဲပြီး စေတီငယ်ပေါင်း ၁၅၀၀ ပါဝင်မှာဖြစ်ပါတယ်။
မြေသန့်စင်ခြင်း မင်္ဂလာနဲ့ အလယ်မှာထားရှိမယ့် ပင်မစေတီတော်ပ လ္လင်တည်ဆောက်တဲ့လုပ်ငန်း စဆောင်ရွက်နေပြီဖြစ်ကာ ကျောက်စာတစ်ချပ် ကျပ် ၁၀ သိန်း၊ စေတီတစ်ဆူကျပ်သိန်း ၅၀ ကုန်ကျမယ်လို့ သာသနာပြုဌာနမှ ဒါယကာ ကိုမင်းသက်နိုင်က ပြောပါတယ်။
“ကျောက်စာချပ်ရေ ၂၂၇ ခုထွင်းထုပြီးပြီ၊ ၇၂ ချပ်ကတော့ ထုလုပ်တဲ့ မန္တလေးတိုင်း ကနေပို့ ထားပြီးပြီ၊ ဒီနေ့အထိရရှိထားတဲ့ ကျောက်စာအလှူရှင်ကတော့ ချပ်ရေ ၂၀၀ ကျော်ပြီ''
စကျင်ကျောက်ပြားပေါ်မှာ တဖက်စီစာကြောင်းရေ ၅၅ ကြောင်းပါဝင်မှာဖြစ်ပြီး ၀ိနည်း၊ သုတ္တန်နဲ့ အဘိဓမ္မာတွေ ထုလုပ်သွားမှာဖြစ်ကာ လာမယ့် ၁၀ နှစ်အတွင်း အပြီးအစီး ဆောင်ရွက်မယ်လို့ ဆရာတော် ဘဒ္ဒန္တ ပုပ္ဖရမ္မက မိန့်ကြားပါတယ်။
“ဗုဒ္ဓစေတီတော်အတွင်းမှာ ဘုရားဖူးရင်းနဲ့ ပီတိသဒ္ဓါပေါ့၊ တစ်သက်လုံးမှာ ရောက်ဖူးတဲ့ နေရာမှာ အာရုံတစ်ခုကစွဲဆောင်နိုင်ဖို့ပါ၊ ပိဋိကတ်ရိုးရိုးကအများကြီးပေါ့လေ အဲ့လိုလုပ်ထားတော့ ဗုဒ္ဓနုဿတိ၊ ဓမ္မနုဿတိပေါ့၊ သဒ္ဓါတရားဖြစ်ပြီး ကြည်နူးရအောင်ပေါ့”
လက်ရှိကမ္ဘာ့အကြီးဆုံးစာအုပ်အဖြစ် ထင်ရှားတဲ့ ကုသိုလ်တော်ဘုရား ကျောက်စာတွေ ကတော့ မင်းတုန်းမင်းကြီးရဲ့ ကုသိုလ်တော်ဖြစ်ပြီး ဗုဒ္ဓပိဋကတ်တော် သုံးပုံနဲ့ နေတ္ထိကျမ်း၊ မိလိန္ဒပဥှာကျမ်း၊ ပေဋကောပဒေသဆိုတဲ့ သုတ်သုံးကျမ်းတို့ကို ကျောက်ထက် အက္ခရာတင်ထားတာပါ။ ကုသိုလ်တော်ဘုရားမှာ ကျောက်စာအရေအတွက် ၇၂၉ ချပ်ရှိပြီး UNESCO ရဲ့ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းသွင်းခံထားရတာဖြစ်ပါတယ်။
အခုမွန်ဘာသာနဲ့ရေးထိုးနေတဲ့ ပဋိကတ်သုံးပုံစကျင်ကျောက်စာတွေပြီးသွားရင် ကမ္ဘာ့အကြီးဆုံး ကျောက်စာတွေ ဖြစ်လာနိုင်တယ်လို့ ရန်မျိုးအောင်ရပ်ကွက်နေ ဒါယကာ တစ်ဦးဖြစ်သူ ဦးအောင်ခိုင်ကပြောပါတယ်။
“မန္တလေးတောင်ခြေရှိ ၁၃ ဧကကျယ်ဝန်းသည့် မဟာလောကမာရဇိန်စေတီဝင်းအတွင်းမှာ စိုက်ထူထားခြင်းဖြစ်ပြီး ကျောက်စာများမှာ ပိဋကတ်ပါဠိတော်များကို မြန်မာအက္ခရာ စာလုံးဝိုင်းဖြင့် ထွင်းထုထားတာ ဖြစ်ပါတယ်။ အခု မွန်ဘာသာနဲ့ ဦးဇင်းလေး ဆရာတော် သာသနာပြုလုပ်ငန်းအဖြစ် ဆောင်ရွက်မယ့် ကျောက်စာစေတီများ ပြီးစီးသွားခဲ့မယ်ဆိုရင်တော့ မွန်ဘာသာနဲ့ရေးထိုးထားတဲ့ ကမ္ဘာ့အကြီးဆုံး ကျောက်စာများ ဖြစ်လာနိုင်မယ်”
ကိုရင်လေးဆရာတော်လို့ ဒေသတွင်း လူသိများတဲ့ သာသနာပြုဆရာတော် ဘဒ္ဒန္တပုပ္ဖရမ္မ အနေနဲ့ ကျိုက်ဒေတမော့ဗရတ် သာသနာပြုဌာနအတွင်းမှာ ရာမညအတုလလေးဆူ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်တစ်ဆူ တည်ထားတော်မူခဲ့ပြီး ထီးတော်တင်ပွဲကို ၂၀၁၂ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကျင်းပရာမှာ မြန်မာ၊ ထိုင်းစတဲ့ အနယ်နယ်ရပ်ရပ်က ဘုရားဖူးတွေ သောင်းနဲ့ချီကာ လာရောက်ဖူးမျှော်ခဲ့ကြ ပါတယ်။
ဆရာတော်အနေနဲ့ အခါအားလျော်စွာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေလည်း ဆောင်ရွက်နေသလို ပြီးခဲ့တဲ့နှစ်အတွင်းက ကျပ်သိန်းပေါင်းသောင်းချီ ကုန်ကျခဲ့တဲ့ အလျားတော် ၂၂၇ တောင်ရှိ လျောင်းတော်မူဗုဒ္ဓ ရုပ်ပွားတော်တည်ဆောက်ပြီးစီးခဲ့ ပါတယ်။
သတင်း - ၀င်းနိုင်သက်
ဓာတ်ပုံ - ၀င်းနိုင်သက် + အောင်မောင်း










