
ရခိုင်ပြည်၊ သံတွဲမြို့နယ်နဲ့ ငပလီမြို့ကို စစ်တပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲရုံမက ရေကြောင်းကပါ ပစ်ခတ်တဲ့အတွက် ဒေသခံတွေ နေရပ်စွန့်ခွာတာ များနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သံတွဲမြို့ပေါ်ရပ်ကွက်၊ နယ်ကျေးရွာတွေနဲ့ ငပလီမြို့က ရပ်ကွက်တွေကို စစ်တပ်က ပြီးခဲ့တဲ့ ဇူလိုင် တလလုံးလိုလိုနဲ့ အခုဩဂုတ်လအစပိုင်းမှာ လေကြောင်းကနေ ဂျက်ဖိုက်တာအုပ်စုလိုက်နဲ့ ဗုံးကြဲခဲ့သလို့ စစ်သင်္ဘောတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နေရပ်ကို စွန့်ခွာပြီး ထပ်မံစစ်ရှောင်တာ များလာတယ်လို့ သံတွဲဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“ဗုံးကြဲတယ်၊ မဟုတ်ရင် လေယာဉ်အုပ်စုလိုက် ဝဲတယ်။ တရက်မှ ညကောင်းကောင်း မအိပ်ခဲ့ရဘူး။ ဟိုရွာကို ဗုံးကြဲရင် ဒီရွာကိုပြေး၊ ဒီရပ်ကွက်ကို ဗုံးကြဲရင် ဟိုရပ်ကွက်ကို ပြေး။ နောက်ဆုံး နီးစပ်ရာမြို့ကို ပြေးနေရတယ်။ တကယ့်ကိုဒုက္ခရောက်နေကြရတယ်” လို့ပြောပါတယ်။
စစ်တပ်ဟာ သံတွဲပင်လယ်ပြင်မှာ ရပ်နားထားတဲ့ နေဗီတွေကနေ လက်နက်ကြီးပစ်ခတ်ပြီး ငါးဖမ်းထွက်တဲ့ စက်လှေတွေကိုလည်း သေနတ်နဲ့ပစ်တယ်လို့ ငပလီဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“နေဗီတွေက ကမ်းဝေးမှာ ရှိကြတယ်။ အနည်းဆုံး ၂ စီး ရှိတယ်။ ကမ်းနီးကိုတော့ သိပ်မလာရဲသေးဘူး။ ဒါပေမဲ့ စက်လှေမြင်ရင် လှမ်းပစ်တယ်။ ငါးရှာလို့လည်း မရဘူး။ ကျနော်တို့ ဒေသခံတွေ မြို့မှာလည်း နေလို့မရ၊ ရွာမှာလည်း နေလို့မရ။ အခု စစ်ရှောင်နေရတယ်။”
သံတွဲမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေကို ULA/AA က စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေသလို ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လုပ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၆ ရက်က ငပလီမြို့၊ ဂျိတ္တောရပ်ကွက်ကနေ နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ လူ ၂၁၁ ယောက်အတွက် ဆန် ၃၀ အိတ်၊ သောက်ရေခွက် ၇၂ ခွက်၊ လင်ဗန်း ၁၁၂ ချပ်၊ ရေသုံးခွက် ၇၀ ခွက်နဲ့ ထမင်းအိုး ၅၅ လုံးတို့ကို ULA/AA အုပ်ချုပ်ရေးဌာနနဲ့ HDCO တို့ ပူးပေါင်းပြီး ထောက်ပံ့ပေးခဲ့ပါတယ်။
အဲဒီနေ့မှာပဲ စစ်ဘေးရှောင်ပြည်သူ ၂၈ ယောက်ကို အာရက္ခတပ်တော်ရဲ့ ဆေးဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ် ၅ ရက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာလာရတဲ့ သံတွဲမြို့နယ်၊ ဂျိတ္တောရပ်ကွက်က လူ ၁၉၈ ယောက်အတွက် ULA သံတွဲခရိုင်ပါတီရုံးက ဆန် ၁၂ အိတ် ထောက်ပံ့ပေးခဲ့ပါတယ်။
လက်ရှိမှာတော့ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရတာတွေ ရှိနေဆဲဖြစ်ပြီး စစ်ဘေးရှောင်တွေအတွက် အစားအသောက်နဲ့ အခြေခံအသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။










