
ထိုင်းတောင်ပိုင်း ဖန်ငခရိုင်ရှိ ငါးဖမ်းလှေတစ်စီးပေါ်မှာ မြန်မာရေလုပ်သားတစ်ဦး အသည်းအသန်နေထိုင်မကောင်းဖြစ်တဲ့အတွက် ဒီကနေ့မနက် ထိုင်းတပ်မတော်က ရဟတ်ယာဉ်နဲ့ သွားရောက်တင်ဆောင်ပြီး ရနောင်းဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။
ဒီမနက်စောစောက ဖန်ငခရိုင် ပင်လယ်ပြင်ရှိ လိမ့်ဒိန်ဥဒုမ်းချိုင်းအမည်ရ ငါးဖမ်းလှေတစ်စီးပေါ်မှာ ရေလုပ်သားတစ်ဦး အသည်းအသည်နေမကောင်းဖြစ်ပြီး လှေမှာလည်း ကမ်းစပ်နဲ့ လွန်စွာဝေးတဲ့အရပ်မှာ ရောက်နေတဲ့အတွက် အလုပ်ရှင်က အနီးဆုံးရေတပ်ကို အကြောင်းကြားခဲ့တယ်လို့ ထိုင်းသတင်းမှာဖော်ပြပါတယ်။
ဒါကြောင့် အမှတ် ၃ ရေတပ်က ဆေးမှူးပါတဲ့ လှေတစ်စီး စီစဉ်ပို့ဆောင်ပေးကာ လူနာကို ရှေးဦးသူနာပြုစုပြီး အဲဒီနောက် အဖော်ဖြစ်သူ မြန်မာရေလုပ်သားတစ်ဦးကိုပါ ကမ်းစပ်ထိခေါ်ဆောင်ခဲ့ပါတယ်။
ကမ်းစပ်မှာ ထိုင်းစစ်တပ်က ရဟတ်ယာဉ်နဲ့ လာကြိုပြီး ရနောင်းမြို့ သို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ အဲဒီနောက် ရနောင်းမှာ အသင့်စောင့်နေတဲ့ လူနာတင်ကားက ရနောင်းဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ပေးခဲ့တယ်လို့ ရနောင်းဒေသတွင်း သတင်းထောက် ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။










