DVB Logo
Home
မြန်မာသတင်း
ကိုယ်ကျိုးရှာ ဂေါပကများနှင့် အလှူခံအတုများ ပပျောက်ရေးဆောင်ရွက်ရန် သူရဦးအောင်ကို လျှောက်ထား
DVB
·
February 21, 2018
ကိုယ်ကျိုးရှာ ဂေါပကများနှင့် အလှူခံအတုများ ပပျောက်ရေးဆောင်ရွက်ရန် သူရဦးအောင်ကို လျှောက်ထား
Donate to DVB

 

အများပြည်သူ လှူဒါန်းတဲ့ အလှူတော်ငွေတွေကို ကိုယ်ကျိုးအတွက် သုံးစွဲနေကြတဲ့ ဘုရားစေတီတော် ဂေါပကအဖွဲ့တွေကို ကြပ်မတ်ဖို့ သာသနာရေးနဲ့ ယဉ်ကေျးမှုပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားလိုက်ပါတယ်။

ရန်ကုန် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေမှာ ဖော်ဖော်ဝါရီ ၂၀ ရက်က  ကျင်းပတဲ့ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ အစည်းအဝေးမှာ သာသနာရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး လျှောက်ထားရာမှာ ပြောသွားတာပါ။

“မျက်မှောက်ကာလမှာ အချို့သော ဘုရားစေတီဂေါပကအဖွဲ့တွေဟာ ဘုရားစေတီတော်တွေအတွက် ဗုဒ္ဓဘာသာဝင်အများစုက သဒ္ဓါတရား ထက်သန်စွာ လှူဒါန်းထားတဲ့ အလှူတော်ငွေတွေကို ဘုရားစေတီ ဂေါပကအဖွဲ့ သြဝါဒါစရိယဆရာတော်တွေရဲ့ သြဝါဒကို ခံယူခြင်းမပြုဘဲ မိမိတို့ကိုယ်ကျိုးအတွက် သုံးစွဲနေကြတာ ကြားသိနေရတယ်။ ဒါကြောင့် နိုင်ငံတော်အတွင်းရှိ ဘုရားစေတီတော် ဂေါပကအဖွဲ့တွေကို နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ထုတ်ပြန်ထားတဲ့ ညွှန်ကြားလွှာအမှတ် (၃၆) နှင့်အညီ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးဖို့  ဗုဒ္ဓဘဏ္ဍာတော်တွေ မဆုံးရှုံးစေရေး ကြပ်မတ်ကွပ်ကဲနိုင်ဖို့ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်သို့ ညွှန်ကြားသင့်ပါတယ်။”

ဒါ့အပြင် အလှူခံ အတုအယောင်တွေ ပပျောက်သွားအောင် ဆောင်ရွက်ဖို့လည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးက ဆရာတော်ကြီးတွေကို လျှောက်ထားသွားပါတယ်။

“ဓနအင်အား အသင့်အတင့်ရှိတဲ့ ဝိသမလောဘသမားတချို့ဟာ အသံချဲ့စက်၊ မော်တော်ယာဉ် စတဲ့ပစ္စည်းတွေ ထူထောင်ပြီး အလှူခံသမား ငှားကာ ဘုရားတည်ဖို့၊ သာသနာ့ဗိမာန်ကြီး ဆောက်ဖို့၊ ကျောင်းတော်ကြီး ဆောက်ဖို့ စတဲ့ အကြောင်းပြပြီး အလှူခံနေကြတာ နိုင်ငံအနှံ့ ဖြစ်နေတယ်။ ဒီလို အလှူခံအတုအယောင်တွေ ပပျောက်သွားအောင် အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး တက်တက်ကြွကြွ ဆောင်ရွက်သင့်တယ်” လို့ ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ အစည်းအဝေးကို မနေ့က စတင်ကျင်းပနေတာဖြစ်ပြီး  အစည်းအဝေးကို နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုတဲ့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးတွေ တက်ရောက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013