DVB Logo
Home
မြန်မာသတင်း
စိတ်ပြောင်းဆေးဝါးသစ် ထုတ်လုပ်မှုများတွေ့ရှိလာဟု ပြည်ထဲရေးဝန်ကြီး သတိပေး
DVB
·
February 21, 2018
စိတ်ပြောင်းဆေးဝါးသစ် ထုတ်လုပ်မှုများတွေ့ရှိလာဟု ပြည်ထဲရေးဝန်ကြီး သတိပေး
Donate to DVB

 

မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ ဘိန်းဖြူ၊ ဆေးခြောက်၊ ကိုကင်းနဲ့ အဖက်တမင်း စိတ်ကြွ ရူးသွပ်ဆေးပြားတွေအပြင် စိတ်ပြောင်းဆေးဝါးသစ် ထုတ်လုပ်မှုတွေကိုပါ တွေ့ရှိလာနေရတယ်လို့ မူးယစ်ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောပါတယ်။

၂၀၁၂ ခုနှစ်မှာ စိတ်ပြောင်း ဆေးဝါးသစ်အမျိုးပေါင်း ၂၆၀ တွေ့ရှိခဲ့ပေမယ့်လည်း ၂၀၁၇ ခုနှစ်မှာ အမျိုးပေါင်း ၆၃၀ မျိုးထိ မြင့်တက်လာခဲ့တယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့  မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒထုတ်ပြန်ကြေညာတဲ့ အခမ်းအနားမှာပြောခဲ့တာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး တရားမဝင် ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုနဲ့ သုံးစွဲမှုတွေဟာ ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ အေးချမ်းစွာနေထိုင်မှုကို ဆိုးရွားစွာ ခြိမ်းခြောက်နေပြီး လူ့ အဖွဲ့အစည်းတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးအခြေခံအုတ်မြစ်တွေကိုလည်း လှိုက်စား လာတာကို တွေ့ရှိရတယ်။

၂၀၁၇ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေရဲ့ ၅ ရာခိုင်နှုန်းဟာ တစ်နှစ်အတွင်း မူးယစ်ဆေးဝါး အနည်းဆုံး (၁) ကြိမ် သုံးစွဲမှုရှိပြီး ကမ္ဘာ့လူဦးရေ ၂၅၅ သန်း ရှိတဲ့အနက် ၂၉.၅ သန်းဟာ မူးယစ်ဆေးဝါး ကုသမှုခံယူဖို့ လိုအပ်နေသူတွေဖြစ်ပြီး ၁၂ သန်းဟာ မူးယစ်ဆေးဝါး အကြောတွင်း ထိုးသွင်းသူတွေဖြစ်တယ်။ တစ်နှစ်ထက်တစ်နှစ် မူးယစ်ဆေးလွန် သေဆုံးမှု၊ မူးယစ်ဆေးစွဲမှုကြောင့် ကူးစက်ခံရ တဲ့ HIV ရောဂါ၊ အသည်းရောင်အသားဝါ “B” “C” နဲ့ TB ရောဂါဖြစ်ပွားမှု များမြင့်တက် လာနေတယ်လို့လည်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒတစ်ရပ်ပေါ်ထွက်လာရေးအတွက် ၂၀၁၆ စက်တင်ဘာလမှ စတင်ပြီး မူဝါဒသစ် ရေးဆွဲရေးဆိုင်ရာဆွေးနွေးပွဲ၊ လမ်းပြမြေပုံ (Road Map) ရှင်းလင်းပွဲ၊ လုပ်ငန်းအဖွဲ့အသီးသီးရဲ့ ဆွေးနွေးပွဲ ၃ ကြိမ် ကျင်းပခဲ့ပါတယ်။

ဒါ့အပြင် ကျွမ်းကျင်ပညာရှင်တွေက ပြန်လည်သုံးသပ်ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲတွေမှာ  ကိုယ်စားလှယ်စုစုပေါင်း ၃၅၇ ဦး တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

အဆင့်ဆင့်သော ဆွေးနွေးပွဲတွေက ရရှိလာတဲ့ မူဝါဒမူကြမ်းအပေါ် ၂၀၁၇ နိုဝင်ဘာလမှာ ကျင်းပတဲ့ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ အတည်ပြုရေးဆိုင်ရာ ဆွေးနွေးပွဲမှာ အတည်ပြုနိုင်ခဲ့ကြပါတယ်။

မူဝါဒမှာထုတ် လုပ်မှုလျှော့ချရေးနဲ့  အစားထိုးဖွံ့ဖြိုးရေးကဏ္ဍ၊ သုံးစွဲမှုတွေလျှော့ချရေးနဲ့ နောက်ဆက်တွဲ အန္တရာယ်လျော့ချရေးကဏ္ဍ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ သုတေသနလုပ်ငန်းတွေ တိုးမြှင့်ရေးကဏ္ဍနဲ့ လူ့အခွင့်အရေးပြဌာန်းချက်တွေနဲ့ အညီဖြစ်စေရေး ကဏ္ဍ စတာတွေကို ထည့်သွင်းရေးဆွဲ ထားပါတယ်။

မကြာသေးခင်က ပြဋ္ဌာန်းခဲ့တဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပါ ဥပဒေပုဒ်မ ၁၅ အရ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ထောင်ဒဏ်ချ မှတ်ခြင်းမရှိတော့ဘဲ ဆေးကုသရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013