DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင် ရဟန်း သာမဏေ ၅ သိန်းကျော်ရှိ၊ ရဟန်းတချို့ သာသနာတော်ကို မထီမဲ့မြင်ပြုနေ
DVB
·
February 21, 2018
မြန်မာပြည်တွင် ရဟန်း သာမဏေ ၅ သိန်းကျော်ရှိ၊ ရဟန်းတချို့ သာသနာတော်ကို မထီမဲ့မြင်ပြုနေ
Donate to DVB

နိုင်ငံတော်အတွင်း ၁၃၇၉ ခုနှစ် ဝါဆိုသံဃာစာရင်းအရ ရဟန်းသာမဏေ စုစုပေါင်း ၅၂ဝ၃၂၆ ပါး ရှိနေပြီး တချို့ရဟန်းတွေဟာ သာသနာတော်တရပ်လုံးကို မထီမဲ့မြင်ပြုမူ နေထိုင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

မနေ့က ရန်ကုန် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေမှာ ကျင်းပတဲ့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ အစည်းအဝေး ပထမနေ့မှာ  သာသနာရေးဆိုင်ရာ ကိစ္စတွေကို သာသနာရေးနဲ့ ယဉ်ကေျးမှုပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက  လျှောက်ထားသွားတာပါ။

“ရဟန်းသာမဏေတွေထဲမှ အချို့ ရဟန်းသာမဏေတွေဟာ သာသနာတော်ရဲ့ ကျေးဇူးဂုဏ်ကို မစောင့်၊ မိမိတို့နောင်ရေးကိုလည်း သတိမရောက်ဘဲ သာသနာတော်တရပ်လုံးကို မထီမဲ့မြင် ပြုမူနေထိုင်ပြီး သာသနာ့ဝန်ထမ်း ရဟန်းအချင်းချင်းကိုလည်း မငဲ့၊ ဒါယကာ ဒါယိကာမတွေရဲ့ သဒ္ဓါတရားကို ဖျက်ဆီးကာ သမဏသာရုပ္ပ မဖြစ်သော ကာယကံမှု၊ ဝစီကံမှုတို့ကို ကျူးလွန်နေကြတာကြောင့် အခြားသီတင်းသုံးဖော် ရဟန်းကောင်း၊ သာမဏေကောင်းတို့ရဲ့ အကျင့်သိက္ခာကို မှေးမှိန်ရာရောက်စေတဲ့အပြင် မြတ်စွာဘုရား သာသနာတော် အဓွန့်ရှည်မှုကိုလည်း အန္တရာယ်ပြုရာ ရောက်နေပါတယ်။”

သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်နေကြတဲ့ သံဃအဖွဲ့အစည်း အဆင့်ဆင့်ဟာလည်း အဖွဲ့ဝင်အချင်းချင်း အထက်အဖွဲ့အစည်းနဲ့ အောက်အဖွဲ့အစည်း အချင်းချင်း ရိုသေလေးစားမှု ရှိနေကြမှသာ လုပ်ငန်းအောင်မြင်ပြီး သာသနာတော် ကာလရှည်ကြာ ကောင်းစွာ တည်တံ့နိုင်မယ်လို့လည်း ပြောပါတယ်။

ယခုအခါ ရဟန်းရှင်လူအများစုဟာ ရတနာသုံးပါးအပေါ် ရိုသေလေးစားမှု နည်းပါးလာနေတယ်၊ ရဟန်းသာမဏေတချို့ဟာ ကြည်ညိုပြီး ပုဂ္ဂိုလ်တွေ အကြည်ညိုပျက်အောင်၊ မကြည်ညိုသေးတဲ့ ပုဂ္ဂိုလ်တွေ ပိုပြီးမကြည်ညိုအောင် ရဟန်းနဲ့  မလျော်တဲ့ သာသနာ့ဂုဏ်သိန် ညှိုးမှိန်စေမယ့် အလုပ်တွေကို လုပ်နေကြလို့  စည်းမျဉ်းဥပဒေတွေ လိုက်နာကျင့်သုံးလာအောင် မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ဖို့လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းသွားပါတယ်။

ဓာတ်ပုံ - MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013