DVB Logo
Home
မြန်မာသတင်း
ကချင်နိုင်ငံရေးပါတီ၃ ပါတီပူးပေါင်းပြီး ကချင်အမျိုးသားကွန်ဂရက်ပါတီအဖြစ်ရပ်တည်မည်
DVB
·
February 20, 2018
ကချင်နိုင်ငံရေးပါတီ၃ ပါတီပူးပေါင်းပြီး ကချင်အမျိုးသားကွန်ဂရက်ပါတီအဖြစ်ရပ်တည်မည်
Donate to DVB

 

ကချင်အမျိုးသားကွန်ဂရက်ပါတီအဖြစ် တစ်ပါတီတည်းပူးပေါင်းရပ်တည်ဖို့ ဆုံးဖြတ်ထားတဲ့ ကချင်နိုင်ငံရေးပါတီ၃ပါတီဟာ ဒီကနေ့မှာ နိုင်ငံရေးမူဝါဒတွေကို ထုတ်ပြန်လိုက်ပါတယ်။

ကချင်နိုင်ငံရေးပါတီများပေါင်းစည်းရေးကော်မတီနဲ့  ကချင်ဒီမိုကရက်တစ်ပါတီ (KDP)၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP)၊ ကချင်အမျိုးသားကွန်ဂရက် (KNC) စတဲ့  ၃ ပါတီက ဗဟိုအလုပ်အမှုဆောင်တွေဟာ ဒီကနေ့မနက်က မြစ်ကြီးနားမြို့ မဂျွယ်ခန်းမမှာ အထူး အစည်းအဝေး တရပ်ကျင်းပပြီး နိုင်ငံရေး မူဝါဒနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ထုတ်ပြန်ကြေညာခဲ့တာပါ။

ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးမူဝါဒတွေထဲမှာ ပြည်နယ်ပေါင်းစုမှုကို အခြေခံတဲ့ ပြည်ထောင်စုမူ အပေါ်ရပ်တည်ဖို့၊ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို ဖော်ဆောင်သွားဖို့၊ နိုင်ငံသားများရဲ့ အကျိုးစီးပွားကို ရှေ့ရှုတဲ့ သာတူညီမျှ စီးပွားရေးစနစ်ကို ဖော်ဆောင်သွားဖို့၊ နိုင်ငံတကာအဆင့်မီတဲ့ပညာရေးစနစ်၊ ကျန်းမာရေးစနစ်နဲ့ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်တဲ့ လူမှုဘ၀ တည်ဆောက်သွားဖို့ စတဲ့ အချက် ၄ ချက် ပါဝင်ပါတယ်။

နိုင်ငံရေးမူဝါဒတွေမှာ နဂိုပါတီအသီးသီးရဲ့ မူဝါဒတွေပေါ် အခြေခံပြီး ပူးပေါင်းချမှတ်ခဲ့တယ်လို့  ၃ ပါတီရဲ့ သဘာပတိအဖွဲ့ဝင် ဦးကွမ်ဂရောင်အောင်ခမ်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့အစည်းအဝေးကတော့ ကျနော်တို့ ၃ ပါတီက စုစည်းထားတဲ့ ဗဟိုကော်မတီတွေ ရှိတယ်။ အဖွဲ့ဝင်တွေရှိတယ်။ ဒါကို ၂၀၁၃ ခုနှစ်ကနေ ၂၀၁၈ ဒီကနေ့ထိ လုပ်ဆောင်ခဲ့တဲ့ ပါတီ စည်းရုံးရေး၊ ပါတီပေါင်းစည်းရေး အခက်အခဲ၊ ကျော်ဖြတ်ရတဲ့ စိန်ခေါ်မှုတွေ ရလဒ်တွေကို ရှင်းပြခြင်းဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံရေးမူဝါဒနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ဆွေးနွေးတယ်၊ နိုင်ငံရေး မူဝါဒက  ဒီဟာတွေက မိခင်ပါတီက နဂိုကလည်း အဲဒီအချက်တွေ ပါနေပြီး စုစည်းလိုက်တာဘဲ ဖြစ်ပါတယ်။”

၃ ပါတီပူးပေါင်းလိုက်တဲ့ နိုင်ငံရေးပါတီ အမည်ကို ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNCP -  Kachin National Congress Party)လို့ ခေါ်တွင်ဖို့ ဆုံးဖြတ်ပြီး လာမယ့် မတ်လ ကုန်ပိုင်းမှာ  ကချင်အတိုင်ပင်ခံအဖွဲ့ကခေါ်ယူမယ့် ကချင်လူထုညီလာခံမှာ ပြည်သူတွေရဲ့ အတည်ပြုချက် ရယူမယ်လို့  ဦးကွမ်ဂရောင်အောင်ခမ်းက ဆက်ပြောပါတယ်။

ဒါ့အပြင် ပါတီအမှတ်တံဆိပ်နဲ့ ပါတီအလံမှာလည်း ကချင်အမျိုးသားအလံနဲ့ တံဆိပ်ကိုသာ အသုံးပြုမှာဖြစ်ကြောင်း၊ အားလုံးကို ကချင်လူထုညီလာခံက အတည်ပြုပြီးမှဘဲ မှတ်ပုံတင်မယ်လို့ ဆိုပါတယ်။

အခုလို ကချင် ၃ ပါတီကနေ တစ်ပါတီတည်းအဖြစ် ပူးပေါင်းလိုက်ခြင်းအားဖြင့် ကချင် လူမျိုးစည်းလုံးညီညွှတ်ရေးအတွက် စိတ်သက်သာရာရခဲ့ကြောင်း၊ အခုလို စည်းလုံးခြင်းအားဖြင့် လာမယ့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ ကချင်ပြည်သူလူထုထံမှ ဆန္ဒမဲတွေ တခဲနက်ရပြီး လွှတ်ေ တ်ာအမတ်နေရာများများနဲ့ အနိုင်ရကာ ကချင်ပြည်နယ်အစိုးရကို ဖွဲ့စည်းနိုင်ဖို့ မျှော်လင့်ကြောင်း ဦးကွမ်ဂရောင်အောင်ခမ်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013