DVB Logo
Home
မြန်မာသတင်း
စစ်တွေမြစ်ကမ်းဘေးမြေယာဖော်ထုတ်မှုကြောင့် လှေသမားများအခက်ကြုံ
DVB
·
February 20, 2018
စစ်တွေမြစ်ကမ်းဘေးမြေယာဖော်ထုတ်မှုကြောင့် လှေသမားများအခက်ကြုံ
Donate to DVB

 

စစ်တွေမြို့ မြစ်ကမ်းဘေးတလျှောက် BXT ကုမ္ပဏီက မြေဖို့ မြေယာဖော်ထုတ်တဲ့ စီမံကိန်းကြောင့် ကမ်းကို အမှီပြု လုပ်ကိုင်နေကြတဲ့ လက်ခတ်လှေသမားတွေ အခက်ကြုံနေရပါတယ်။

အခုလို မြစ်ကမ်းတလျှောက် မြေဖို့လိုက်တာကြောင့် မူလက လှေခတ်ပြီး ကုန်တင် ကုန်ချ လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေမှာ ကမ်းနဲ့ ဝေးကွာသွားတဲ့အတွက် ကုန်တင် ကုန်ချအဆင်မပြေတာတွေ၊ လှေဆိုက်ကပ်မယ့်နေရာ အဆင်မပြေတာတွေ ဖြစ်နေကြတာပါ။

စစ်တွေဆိပ်ကမ်းက လက်ခတ်လှေလုပ်သား ဦးနီလှမောင်က “ကျနော်တို့ အရင်တုန်းက ဆိုလို့ရှိလို့ရှိရင် ဒီဆိပ်ကမ်းတလျှောက် ကြိုက်တဲ့နေရာမှာ အလုပ်လုပ်လို့ရတယ်။ အခုက ဒီနေရာမှာ သဲဖို့လိုက်တာနဲ့ ဘာမှ အဆင်မပြေတော့ဘူး။ ဆိပ်ကပ်မယ့်နေရာလည်း မရှိတော့ဘူး။ သူတို့ ပေးထားတဲ့ ယာယီဆိပ်ကမ်း တခုလောက်နဲ့လည်း အဆင်မပြေဘူး”လို့ ပြောပါတယ်။

အခုလို အခက်အခဲ ဖြစ်နေတာနဲ့ပတ်သတ်လို့ ဖေဖော်ဝါရီ ၁၈ ရက်က စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်မှာ လက်ခတ်လှေသမားတွေ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ကြပါတယ်။

စစ်တွေဆိပ်ကမ်းက လက်ခတ်လှေလုပ်သားတဦးဖြစ်တဲ့ ဦးဝေသာထွန်းက “ကျနော်တို့ လှေသမားတွေက အကုန်လုံး ကိုရီးယားမြေယာဖို့မှုကြောင့် ဒုက္ခရောက်တယ်။ မြေဖို့တဲ့ အချိန်က စလို့ ရာခိုင်နှုန်း ၅၀ လောက်ကို ဒုက္ခရောက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ ကုန်တင် ကုန်ချ အဆင်မပြေတော့ဘူး။ တခြားနေရာက မော်တော်ဘုတ်တွေမှာ ဆန်အိတ်တွေ ပါလာတာပေါ့နော်။ ထွက်ပေါက် ဝင်ပေါက်တွေ သဲတွေ ဖို့လာတဲ့အချိန်မှာ ပိတ်သွားတယ်။ ရာခိုင်နှုန်း ၅၀ လောက် စားဝတ်နေရေး ထိခိုက်သွားတယ်”လို့ ပြောပါတယ်။

လောလောဆယ်မှာ စစ်တွေဆိပ်ကမ်းမှာ ရခိုင်ပြည်နယ်အစိုးရနဲ့ BXT ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းပြီး ဧက ၉၀ နီးပါးအတွက် မြေဖို့ မြေယာဖော်ထုတ်ရေးစီမံကိန်းကို လုပ်ဆောင်နေပါတယ်။ BXT ကုမ္ပဏီဘက်ကတော့ လှေသမားတွေအတွက် လမ်းဖော်ပေးသွားဖို့ ရှိတယ်လို့ ပြောဆိုထားပါတယ်။

စစ်တွေ ဈေးဆိပ်ကမ်းကို အမှီပြုပြီး လုပ်ကိုင်နေကြတဲ့ လက်ခတ်လှေအစီးရေ ၂၀၀ ဝန်းကျင်ရှိပြီး လှေလုပ်သားပေါင်း ၅၀၀ နီးပါးရှိပါတယ်။

လက်ခတ်လှေသမားတွေ အခုလို အခက်အခဲဖြစ်နေတာနဲ့ ပတ်သက်လို့ စည်ပင်သာရေး ဝန်ကြီးနေရာကို ယာယီနေရာယူထားတဲ့ စိုက်ပျိုးရေးနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်က သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူတွေကို တင်ပြမယ်ပေးမယ်လို့ ပြောပါတယ်။

“အမှန်တကယ် အခက်အခဲ ရှိတယ်ဆိုရင် ကျနော်တို့ အစိုးရအဖွဲ့ သက်ဆိုင်သူတွေကို တရားဝင် တင်ပြပေးရမှာပေါ့။ သူတို့ မတင်ပြဘဲနဲ့ ကျနော်တို့ ဘယ်သိမလဲ။ ကျနော် စည်ပင်ဝန်ကြီး ယာယီတာဝန်ယူထားတဲ့အတွက် ကျနော်ဆီကို တရားဝင် တင်ပြမယ်ဆိုရင် အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းပေါင်းစပ်ပေးမယ်”

စစ်တွေမြို့မဈေးကို မြောက်ဦး၊ မင်းပြား၊ မြေပုံ ပေါက်တော၊ ပုဏ္ဏားကျွန်း စတဲ့ မြို့နယ်တွေရဲ့ ကျေးရွာအများစုကနေ စက်လှေတွေ၊ လိုင်းဆွဲမော်တောဘုတ်တွေနဲ့ စစ်တွေမြို့မဈေးကြီးကို ဈေးရောင်း ဈေးဝယ်လာကြတာပါ။

ဈေးရောင်း၊ ဈေးဝယ်လာကြသူတွေအနေနဲ့လည်း ကုန်ကျစရိတ်များတာ၊ ကုန်တင်ကုန်ချ ကြန့်ကြာမှုတွေကြောင့် ကုန်စည်ဝယ်ယူ ရောင်းချတာတွေမှာ နှောင့်နှေးမှုတွေ ရှိနေကြပါတယ်။

သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013