DVB Logo
Home
မြန်မာသတင်း
လူသုံးကုန် အသေးအမွှားက အစ ပြည်ပက တင်သွင်းနေသရွေ့ကုန်ဈေးနှုန်းကျမည် မဟုတ်ဟုဆို
DVB
·
February 20, 2018
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ လူသုံးကုန် အသေးအမွှားကအစ ဘေးပတ်ဝန်းကျင် နိုင်ငံတွေဆီကနေ တင်သွင်း ဝယ်စားနေကြသရွေ့ ကုန်ဈေးနှုန်း ကျဆင်းမှာ မဟုတ်ဘူးလို့ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် အမျိုးသားလွှတ်တော်မှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါ်ထုမေ တင်သွင်းတဲ့ ကျေးရွာတရွာ ထုတ်ကုန်တခု ONE VILLAGE ONE PRODUCT(OVOP) ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမဟာဗျူဟာ အစီအစဉ် လက်တွေ့ အကောင်အထည်ဖော်ဖို့ အစိုးရကို တိုက်တွန်းတဲ့ အဆိုနဲ့ပတ်သက်ပြီး ဆွေးနွေးပြောသွားတာပါ။

“မိမိတို့ အစစအရာရာ ဝယ်စားမြဲ ဝယ်စားခဲ့ကြတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ မှ ၆ဝ ယခုအထိ လူသုံးကုန်အသေးအမွှားကအစ ဘေးပတ်ဝန်းကျင် နိုင်ငံတွေဆီကနေ တင်သွင်းနေသရွေ့၊ ဝယ်စားနေကြသရွေ့ ကုန်ဈေးနှုန်းကျမှာ မဟုတ်လို့  ကိုယ်စွမ်းကိုယ်စ တီထွင်ကြ၊ လူသားအရင်းအမြစ် ပေါင်းစုမြှင့်၊ ဒေသထုတ်ကုန် ကမ္ဘာအနှံ့စုန် ဆိုတဲ့ ဆောင်ပုဒ်ကို မှီငြမ်းလိုက်နာပြီး ဒေသတချို့မှာ လုပ်နိုင်သလောက် အကော်အထည်ဖော်မည်ဆိုရင် နိုင်ငံအတွက်၊ ဒေသအတွက် ကောင်းမွန်တဲ့  အလားအလာတွေ ဖန်တီးပေးရာရောက်မယ်”လို့ ဒေါက်တာခွန်ဝင်းသောင်းကပြောပါတယ်။

ကျေးရွာတရွာ ထုတ်ကုန်တခု စီမံကိန်း (OVOP) ဟာ ဒေသတွင်း အလွယ်တကူ ရနိုင်တဲ့ သဘာဝသယံဇာတပစ္စည်းတွေကို ကုန်ကြမ်းအဖြစ် သုံးပြီး စားသုံးကုန်မှအစ လူသုံးကုန် အလှဆင်ပစ္စည်းတွေအထိ ကုန်ချောအဖြစ် ဖန်တီးမှုကို အားပေးပြီး နိုင်ငံတကာထိ ထိုးဖောက် ဈေးကွက်ယှဉ်ပြိုင်စေတဲ့ စီမံကိန်း ဖြစ်တယ်၊ ထိုင်း၊ ဂျပန်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ ကင်ညာ စတဲ့ နိုင်ငံတွေမှာ အကောင်အထည်ဖော်ခဲ့ရာ အောင်မြင်ဖွံ့ဖြိုးတိုးတက်ခဲ့တယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်လို့ စစ်ရှောင်ဒုက္ခသည်တွေ ပေါတဲ့နေရာမှာ ဆောင်ရွက်ဖို့ လမ်းဖွင့်ပေးမယ်ဆိုရင် သင့်တော်မယ်လို့ ပြောသွားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉) မှ ဦးဖေချစ်ကတော့ “ဒေသအလိုက် တစုတဝေးတည်း စုစည်းပြီး တန်ဖိုးမြင့် ထုတ်ကုန်တွေထုတ်ဖို့  ရင်းနှီးမတည်ငွေ အဓိက လိုအပ်တယ်၊ ဒါကြောင့် အစိုးရ လခစားအလုပ်မျိုး မဟုတ်ဘဲ၊ မိမိရိုးရာ ကျွမ်းကျင်ရာ အသက်မွေးဝမ်းကျောင်းအနေနဲ့ အကျိုးရှိရှိ ထုတ်လုပ်မယ်ဆိုရင်  Mass Production နဲ့ High Profit လက်ဝယ်ပိုင်ဆိုင်ဖို့  ငွေအား၊ ကာယအား ဉာဏအားတွေနဲ့ အစ္စရေး၊ ဂျပန်၊ ထိုင်း ပုံစံအတိုင်း ပေါင်းစပ်ဆောင်ရွက်တတ်ဖို့ လိုတယ်၊ ပြည်ထောင်စုအစိုးရ ဘတ်ဂျက်တခုတည်းနဲ့ ဌာနဆိုင်ရာမှ ငွေချေးပေးတဲ့ စနစ်အစား ကိုယ်ထူကိုယ်ထ Public Service and Management နဲ့ ဆောင်ရွက်ဖို့ လိုတယ်”လို့  ထောက်ခံ ဆွေးနွေးသွားပါတယ်။

အလားတူ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ ဒေါက်တာတင်တင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄) မှ ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည်နဲ့ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁ဝ) မှ ဒေါက်တာကျော်ငွေတို့ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013