DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးဆွေးနွေးပွဲများ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေဟု ကေအန်ယူ ခေါင်းဆောင်ပြော
DVB
·
February 20, 2018
နိုင်ငံရေးဆွေးနွေးပွဲများ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေဟု ကေအန်ယူ ခေါင်းဆောင်ပြော
Donate to DVB

အန်စီအေမှာ လက်မှတ်ထိုးပြီးတာနဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့ အာမခံချက်ရထားပြီး ဖြစ်ပေမယ့် ဒီနေ့မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေတယ်လို့ KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဖေဖော်ဝါရီ ၁၈ ရက်က လုပ်ခဲ့တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ထိုး တိုင်းရင်းသားတပ်ဖွဲ့ ၁၀ ဖွဲ့တို့ရဲ့ ပထမအကြိမ်အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“အန်စီအေ လက်မှတ်ရေးထိုးပြီးတာနဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့ အာမခံချက်ရှိပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေတာကိုတော့ သတိမူဖို့ လိုပါတယ်။ မိမိတစုတဖွဲ့ ကျင်းပနိုင်ဖို့ထက် EAO အတိုင်းအတာနဲ့ အားလုံးအတူတကွ အဆင့်ဆင့်သော နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပ အကောင်အထည်ဖော်နိုင်ကြဖို့လိုမှာ ဖြစ်ပါတယ်။ ဒါမှသာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေ ပိုပြီး မြင့်မားလာမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် သူက  အန်စီအေရဲ့ အနှစ်သာရက တန်းတူရေး၊ တရားမျှတရေး၊ အပြန်အလှန် အသိအမှတ်ပြုရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပဋိပက္ခတွေကို အင်အားသုံးမဖြေရှင်းဘဲ ညှိနှိုင်း အဖြေရှာရေး၊ အကျေအလည် ညှိနှိုင်းဖြေရှင်းရေးတို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီအစည်းအဝေးမှာ ၂၀၁၅ခု နှစ်ကတည်းက အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့နဲ့ မကြာသေးခင်ကမှ လက်မှတ်ထိုးခဲ့တဲ့ တိုင်းရင်းသား တပ်ဖွဲ့ ၂ ခုတို့အကြား အပစ်ရပ်စာချုပ်ကို ဘယ်လို အတူတကွ ဆက်လက် အကောင်အထည်ဖော်ကြမလဲ ဆိုတာကို ညှိနှိုင်းဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

လတ်တလောမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/ SSA) ရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ တစ်ဆို့နေပြီး  ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP) ရဲ့ နိုင်ငံရေးဆွေးနွေးပွဲလည်း မလုပ်နိုင်ဘဲ ဖြစ်နေပါတယ်။

အန်စီအေမှာ  ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KPC)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စတဲ့ တပ်ဖွဲ့ ၈ ဖွဲ့က ၂၀၁၅ ခုနှစ်မှာ ပါဝင်လက်မှတ်ထိုးခဲ့ကြပါတယ်။

မွန်ပြည်သစ်ပါတီ (NMPS)နဲ့  လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ကတော့ ၂၀၁၈ ဖေဖော်ဝါရီ ၁၃ ရက်ကမှ  ပါဝင်လက်မှတ်ထိုးခဲ့တာဖြစ်ပြီး  အခုအခါ အန်စီအေစာချုပ်မှာ  တိုင်းရင်းသားတပ်ဖွဲ့ ၁၀ ဖွဲ့ လက်မှတ်ထိုးပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013