DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်တွင်သိသာထင်ရှားသည့် ဖွံ့ဖြိုးတိုးတက်မှုများရရှိနေပြီဟု  သမ္မတပြော
DVB
·
February 20, 2018
ချင်းပြည်နယ်တွင်သိသာထင်ရှားသည့် ဖွံ့ဖြိုးတိုးတက်မှုများရရှိနေပြီဟု  သမ္မတပြော
Donate to DVB

 

ချင်းပြည်နယ်ဟာ သဘာဝပထဝီအနေအထားအရ မြင့်မားတဲ့တောင်တန်း၊ တောင်စွယ် တွေရှိနေလို့ သွားလာရေးခက်ခဲ့လှပေမယ့် ကဏ္ဍအလိုက်သိသာထင်ရှားတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိနေပြီလို့ သမ္မတ ဦးထင်ကျော်က ပြောပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ကျရောက်တဲ့ နှစ်(၇၀)ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောသွားတာဖြစ်ပြီး  ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကိုအစိုးရနဲ့အတူ လက်တွဲကြိုးပမ်း ဆောင်ရွက်သွားဖို့လည်း သမ္မတက တိုက်တွန်းပါ တယ်။

ချင်းပြည်နယ်အနှံ့ မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ဖို့ ဆောင်ရွက်နေပြီ ဖြစ်တယ်၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေဖို့ ပြည်မနဲ့ လွယ်ကူစွာ ဆက်သွယ်သွားလာ နိုင်တဲ့ အဝေးပြေးလမ်းတွေ၊  ပြည်နယ်အတွင်းလမ်းတွေကို တိုးချဲ့ဆောင်ရွက်ပေးနေတယ်၊ ချင်းပြည်နယ်ကနေ နိုင်ငံရပ်ခြားအထိ ရေကြောင်းခရီးနဲ့ ဆက်သွယ်သွားလာနိုင်မယ့် ကုလားတန် မြစ်ဝှမ်းဖွံ့ဖြိုးရေးနဲ့ ပလက်ဝမြို့ ဆိပ်ကမ်း တည်ဆောက်တာ၊ ဖလမ်းမြို့မှာ ချင်းပြည်နယ်ရဲ့ ပထမဆုံးလေယာဉ်ကွင်း တည်ဆောက်တာ၊ ဟားခါး၊ ဖလမ်းနဲ့ ပလက်ဝမြို့ ပြစီမံကိန်း အကောင်အထည်ဖော်နေတယ်လို့လည်း သမ္မတ ကပြောပါတယ်။

ဒါ့အပြင် ချင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကလည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အန်စီအေမှာ ပါဝင်လက်မှတ်ရေးထိုး ထားပြီး တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာတဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းနေပြီဖြစ်တယ်၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ပေးနိုင်မယ့်၊ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ခိုင်မာစွာတည်ဆောက်နိုင်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးကို ချင်းတိုင်းရင်းသားတွေကလည်း ဆက်လက်ပူးပေါင်း ကြိုးပမ်း ဆောင်ရွက် သွားကြဖို့ လည်း သမ္မတက သဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။

၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ချင်းပြည်နယ် ဖလမ်းမြို့မှာ လူထုညီလာခံကျင်းပပြီး မျိုးနွယ်စု အကြီးအကဲဖြစ်တဲ့ တိုက်သူကြီးများအုပ်ချုပ်တဲ့စနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံး ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့နေ့ကို “ချင်း အမျိုးသားနေ့” အဖြစ်သတ်မှတ်ကျင်းပလာတာ ယခုနှစ်ဆိုရင် နှစ်(၇၀)ပြည့်မြောက်ခဲ့ပြီဖြစ် ပါတယ်။

ချင်းတိုင်းရင်းသားတွေဟာ ချင်းပြည်နယ်မှာသာမက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တွေမှာလည်းနေထိုင်နေကြတာဖြစ်ပြီး ပြည်ပမှာလည်း အများအပြားရောက်ရှိနေပါတယ်။

ချင်းအမျိုးသားနေ့ကို မြန်မာနိုင်ငံတွင်းမှာသာမက အမေရိကန်ပြည်ထောင်စု အပါအ၀င် ပြည်ပနိုင်ငံတွေမှာလည်း အဝေးရောက် ချင်းတိုင်းရင်းသားတွေက ရိုးရာအစဉ်အလာမပျက် ကျင်းပခဲ့ကြပါတယ်။

ဓာတ်ပုံ-သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013