DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းကျူးလွန်သူကို ပြင်းထန်သည့်ပြစ်ဒဏ်ချရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း
DVB
·
February 19, 2018
သက်ငယ်မုဒိမ်းကျူးလွန်သူကို ပြင်းထန်သည့်ပြစ်ဒဏ်ချရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း
Donate to DVB

သက်ငယ်မုဒိမ်းမှုကျူးလွန်သူတွေကို အမြန်ဆုံးဖော်ထုတ်ပြီး ထိရောက်ပြင်းထန်စွာ ပြစ်ဒဏ်ပေးဖို့   မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က တိုက်တွန်း လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်ထက် မုဒိန်းမှုတွေများလာပြီး ကလေးနဲ့ အမျိုးသမီးတွေ အခွင့်အရေးထိခိုက်နေတာကြောင့် ကျူးလွန်သူတွေကို ထိရောက် ပြင်းထန်တဲ့ အပြစ်ပေးနိုင်ရေးေ ဆာင်ရွက်ဖို့ တာဝန်ရှိသူတွေကို ကော်မရှင်က ဒီကနေ့ ထုတ်ပြန်တိုက်တွန်းလိုက်တာပါ။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က လိုအပ်ရင် ပြစ်ဒဏ် ဥပဒေတွေကို ပြောင်းလဲဖို့လိုတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“တချို့ အမှုတွေမှာ တွေ့နေရတယ်။ ကျူးလွန်ခံရသူက တသက်လုံး မျက်နှာမဖော်နိုင်အောင် ဖြစ်နေချိန်မှာ ကျူးလွန်သူက ထောင် ၂ နှစ်လား ၃ နှစ်လားကျတယ်။ တရားသူကြီးကလည်း သူ့ရဲ့ ဥပဒေဘောင်အတွင်းက ချတာပဲလေ။ အဲဒီဘောင်ကိုကျော်နိုင်ဖို့ ဥပဒေတွေ ပြင်ဖို့ လိုရင်လည်း ပြင်ရမယ်။ ဥပမာ ၅ နှစ်အထိ ချလို့ရတယ်ဆိုတာထက် ဒီထက်နိမ့်တာကို ချလို့မရဘူးလို့ ပြင်သင့်တယ်”

လက်ရှိမှာတော့ သက်ငယ်မုဒိမ်းကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ ဆန္ဒပြ တောင်းဆိုတာတွေ၊ လက်မှတ်ရေးထိုး ဆန္ဒခံယူတာတွေ လုပ်နေကြပါတယ်။

ဦးယုလွင်အောင်က “သေဒဏ်ပေး၊ လူလယ်ကောင်မှာသတ် ဆိုပြီး ပြောနေကြတာတော့ ရှိတယ်။ ဒါတွေက စိတ်ခံစားချက်နဲ့ ပြောနေကြတာပေါ့။ ကျနော်တို့အနေနဲ့ကတော့ သတ်ပါ ဖြတ်ပါလို့ မပြောလိုပါဘူး။ ဥပဒေနဲ့ အညီ ဖြစ်ရမှာပေါ့။ ဒီလို လူမဆန်တဲ့ ကိစ္စကျူးလွန်သူတွေကို လူ့အသိုင်းအဝိုင်းနဲ့ အဆက်ဖြတ်ထားဖို့ လိုတယ်။ ထောင်ထဲမှာ ထားဖို့ လိုတယ်။ လျှော့ရက်တွေ မပေးဖို့၊ လွတ်ငြိမ်းခွင့် မပေးဖို့ လိုတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မုဒိမ်းမှုတွေ လျော့နည်းလာဖို့ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးတဲ့ အစီအစဉ်တွေ ပြုလုပ်ဖို့၊ ကလေးတွေကို လိင်ပညာပေးလုပ်ဖို့နဲ့ မီဒီယာတွေကတဆင့် ပညာပေးအစီအစဉ်တွေ မကြာခဏ လုပ်ဖို့လိုတယ်လို့ ကော်မရှင်က အကြံပြုပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ၂၀၁၆ ခုနှစ်တုန်းက  မုဒိမ်းမှုပေါင်း ၁၁၀၀ ဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ၁၄၀၅ မှု ဖြစ်ပွားခဲ့တယ်လို့  တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013